အကြမ်းဖက်စစ်အုပ်စုက ကျင်းပရန်စီစဉ်နေသော တရားမဝင် အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသို့ အကြံပြုတိုက်တွန်းခြင်း

ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ မေလ (၁၀ ) ရက်
၁။ ယနေ့ကာလသည် စစ်တပ်က ပြည်သူ့အာဏာကို မတရားသိမ်းယူရန်ကြိုးစားနေမှု၏ အကျိုးဆက်အဖြစ် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေအရပ်ရပ်တို့ အဆိုးဝါးဆုံးအခြေအနေသို့ ကျရောက်နေသည့် ကာလပင်ဖြစ်သည်။ စစ်အာဏာသိမ်းမှု လေးနှစ်ကျော်အတွင်း ဒေသပေါင်းစုံရှိ ပြည်သူလူထုကြီးသည် ကိုဗစ်ကပ်ရောဂါဘေး၊ ရေကြီးရေလျှံသဘာဝဘေး၊ စစ်ဘေးဒဏ် တို့ကိုလည်း ဒုက္ခကြီးစွာရင်ဆိုင်နေကြရဆဲ ဖြစ်သည်။ အထူးသဖြင့် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခြင်း မတရား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လူငယ်များကို အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း စသည့်အကြမ်းဖက်မှု မျိုးစုံကို ပြည်သူလူထုတရပ်လုံးက နေ့စဉ် မပြတ် ခါးစည်းခံနေကြရသည့် ကာလဖြစ်ပါသည်။
၂။ ထိုအခြေအနေတွင် တစ်ပူပေါ်နှစ်ပူဆင့်ဆိုသကဲ့သို့ ဆိုးဝါးပြင်းထန်လှသည့် ရစ်ချက်တာစကေး (၇.၇) ရှိ ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီး၏ ဘေးဒဏ်ကိုလည်း တိုင်းဒေသ (၄) ခု နှင့် ပြည်နယ် (၁) ခု တို့မှ (၁၇.၄) သန်းခန့်သော ပြည်သူများ ထပ်ဆောင်း ခံစားနေကြရသော ကာလလည်းဖြစ်သည်။ ဤသို့သော အခြေအနေ၊ အချိန်အခါသည် ရွေးကောက်ပွဲ ကျင်းပသင့်သည့် ကာလမဟုတ်ဆိုသည်ကို လူသားစိတ်ရှိသော မည်သူမဆို နားလည်လက်ခံထားကြမည်သာ ဖြစ်သည်။
၃။ သို့ရာတွင် အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့အာဏာ ဆက်လက်ချုပ်ကိုင်နိုင်ရေး အတွက် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပ မည်ဟု စစ်ကိုင်းငလျင်ကြီး လှုပ်အပြီးတွင် ထပ်လောင်းပြောကြားသည်ကို အံသြဖွယ် တွေ့ရှိရပါသည်။ ဤသည်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ရှင် ပြည်သူတို့၏ ဆန္ဒနှင့်ဆင်းရဲဒုက္ခပေါင်းစုံကို လျစ်လျှူရှုကာ ၎င်းတို့၏အတ္တကို ရှေ့တန်းတင်ထားခြင်းဖြစ်ကြောင်း ထင်ရှားနေပါသည်။
၄။ ပြည်သူအများစုက တခဲနက်ထောက်ခံထားသော (၂၀၂၀) ရွေးကောက်ပွဲရလဒ်ကို ခိုင်မာသည့် သက်သေပြချက် တစုံတရာမျှမရှိဘဲဖျက်သိမ်းကာ မတရားအာဏာသိမ်းယူရန် ကြိုးစားနေသော အကြမ်းဖက်စစ်အုပ်စုအပေါ် ပြည်သူအများစုက မည်မျှခါးခါးသီးသီး မုန်းတီးလျက်ရှိကြောင်းကို နိုင်ငံရေးပါတီများအနေဖြင့်လည်း သိရှိကြလိမ့်မည်ဟု မျှော်လင့် ပါသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က ဦးစီးကျင်းပခဲ့သော ရွေးကောက်ပွဲသမိုင်းဖြစ်စဥ်များ နှင့် မသမာမှုမျိုးစုံကိုလည်း မြန်မာပြည်သူများက အကြိမ်ကြိမ် ခံစားနားလည် သိရှိပြီး ဖြစ်သည်။ (၂၀၂၀) ခုနှစ် ရွေးကောက်ပွဲရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှု ရှိနေဆဲဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ပြည်သူတို့၏ သဘောဆန္ဒမပါပဲ နောက်ထပ်တရားမဝင် ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းပင် ဖြစ်ပါသည်။
၅။ ၂၀၀၈ ခုနှစ်ကလည်း ပြည်သူများ သိန်းချီသေဆုံးပြီး သန်းနှင့်ချီ ထိခိုက်ခံစားခဲ့ရသည့် နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီးစတွင် ပြည်သူတို့၏ ဆင်းရဲဒုက္ခများကို ဥပက္ခာပြုလျက် စစ်တပ်အာဏာရေရှည်တည်တံ့ရေး ရည်ရွယ်ထား‌သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်း၊ စာရင်းဇယား တိကျမှန်ကန်မှုများမရှိပဲ ပြည်သူ့ဆန္ဒခံယူပွဲ အမည်တပ်ကာ ပြည်သူများ တခဲနက်လက်ခံအတည်ပြုသလို လိမ်ညာလုပ်ဆောင်ခဲ့ဖူးသည်။ ထိုသို့ ပြည်သူ့ဆန္ဒ နှင့် ကင်းလွတ်၍ ပေါ်ပေါက်လာသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းစဉ်ကတည်းက ပျက်ပြယ်ပြီးဖြစ်သလို၊ CRPH အပါအဝင် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများကလည်း ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။ ထိုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် မည်သည့်နိုင်ငံရေး လမ်းကြောင်းမျှ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိ နိုင်မည် မဟုတ်ပေ။ ထိုဖွဲ့စည်းပုံဖြင့် ကျင်းပသော တရားမဝင် အတုအယောင်ရွေးကောက်ပွဲ သည်လည်း လက်ရှိ မြန်မာ့နိုင်ငံရေးပြဿနာများ (Political Crisis)ကို ဖြေရှင်းနိုင်မည့် ထွက်ပေါက်လည်း (လုံးဝ) မဟုတ်ပေ။
၆။ တော်လှန်ရေးအင်အားစုများ သဘောတူရေးဆွဲထားသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှင့်အညီ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ချက်ဖြင့် အကောင်အထည်ဖေါ် လုပ်ဆောင် နေသည့် တော်လှန်ရေး လုပ်ငန်းစဉ်တွင် နိုင်ငံရေးပါတီများအပါအဝင် နိုင်ငံရေးအင်အားစု အသီးသီးနှင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြင့်သာ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြည်သူလိုလားသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဖော်ဆောင် နိုင်လိမ့်မည်ဟု အလေးအနက် ယုံကြည်ထားပါသည်။
၇။ စစ်ကိုင်းငလျင်ကြီး၏ သဘာဝဘေးနှင့် လူလုပ်စစ်ဘေးဒဏ်တို့ကြောင့် ပြည်သူ အပေါင်း ဒုက္ခဆင်းရဲကြီးစွာ ရောက်နေချိန် ကျင်းပမည့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများကလည်း စိတ်ဝင်စားမည်မဟုတ်ပါ။ နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ငလျင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ပါက ပြည်သူတို့၏ ဆင်းရဲဒုက္ခအပေါင်းနှင့် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုလျက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး ရည်ရွယ်ဆောင်ရွက်သော အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအား ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြသူများအဖြစ် ပြည်သူများက သတ်မှတ်ကြလိမ့်မည်ကို နိုင်ငံရေးပါတီများအနေဖြင့် သိရှိကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
၈။ သို့ဖြစ်ပါ၍ ပြည်သူလူထု၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို လျစ်လျူရှုလျက် အကြမ်းဖက်စစ်အုပ်စု၏ အာဏာဆက်လက် ချုပ်ကိုင်နိုင်ရေး စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်စေရေးအတွက် ဟန်ပြပြုလုပ်ကျင်းပမည့် ရှိသင့်ရှိထိုက်သော ကြန်အင်လက္ခဏာနှင့် စံနှုန်းများ ပျက်ကွက်ချို့ယွင်း‌နေသည့် ဂုဏ်သိက္ခာကင်းမဲ့လှသော တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း မပြုကြရန်အတွက် အလေးအနက် အကြံပြု တိုက်တွန်းလိုက်ပါသည်။
တော်လှန်ရေးသစ္စာဖြင့်
တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top