18 April 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင် များက မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသော ကျွန်ုပ်တို့၏ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားအချို့ မိသားစုနှင့် ပြန်လည်ဆုံဆည်းရသည်ကို ဝမ်းမြောက်စွာဖြင့် အောက်ပါသဘောထား များကို ထပ်လောင်းအတည်ပြုထုတ်ပြန်အပ်ပါသည်။
။ ပြည်သူလူထုက လွတ်လပ်၍ တရားမျှတစွာ ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော် သမ္မတကြီးအနေဖြင့် ပြည်တွင်းပြည်ပတော်လှန်ရေးဖိအားများကြောင့် ယခုကဲ့သို့ မိသားစုနှင့် ပြန်လည်ဆုံဆည်းနိုင်ခဲ့ခြင်းသည် ပြည်သူလူထု၏ တော်လှန်ရေးအောင်ပွဲ အစိတ်အပိုင်းတစ်ရပ် အဖြစ် အခိုင်အမာ ယုံကြည်ရှုမြင်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား ဆက်လက်အသိအမှတ်ပြု ကိုင်စွဲထားသကဲ့သို့၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အားလည်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူ့ရွေးကောက်ခံ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်အသိအမှတ်ပြုထားကြပါသည်။
နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးဖြစ်သည့်အပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်လူတစ်စုက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ အဦးမူ၍ တိုင်းပြည်နှင့်ပြည်သူလူထုအား နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်လေ့ရှိသည့် အဆိုးကျော့သံသရာက အပြီးတိုင်လွတ်မြောက်ရေးဖြစ်သည်။
ကျွန်ုပ်တို့ နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း မဟာမိတ်တိုင်းရင်းသားများနှင့် ပူးတွဲထုတ်ပြန်ခဲ့သည့် ဘုံသဘောထား ရပ်တည်ချက်များအရလည်းကောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင် ကောင်စီ၏ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရလည်းကောင်း ခိုင်ခိုင်မာမာ ဆက်လက် စွဲကိုင်၍ တိုင်းတာ၊ ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဘုံသဘောထား ရပ်တည်ချက်များ အဖြစ် အောက်ပါ သဘောထား ၆ ရပ်ကို ချမှတ်ထားပါသည်။
(က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်
(ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်
(ဂ) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်
(ဃ) သက်ဆိုင်သူ အစုအဖွဲ့များအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ ပြဌာန်းရန်၊
(င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အသစ်အား တည်ဆောက်ရန်၊
(စ) ပဋိပက္ခအတွင်း “လိင်နှင့် ကျား၊မအပေါ် အခြေခံသော အကြမ်းဖက်မှုများ အပါအဝင်" မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုပြန်လည်ရရှိရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန်၊
အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုတရပ်လုံးအပေါ် ရက်စက်ကြမ်းကြုတ်စွာ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲ စစ်ရာဇဝတ်မှုများနှင့် နိုင်ငံတကာ လူသားချင်း စာနာမှု ဆိုင်ရာဥပဒေ (International Humanitarian Law) ကို ကျူးလွန်ဖောက်ဖျက်မှုများအား အသွင် ကူးပြောင်းရေး ကာလတရားမျှတမှုရရှိရေး ဆောင်ကြဉ်းပေးနိုင်သည့်အခြေအနေရှိမှသာ ကျွန်ုပ်တို့၏ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်သည်ဟု မှတ်ယူ၍ မမှိတ်မသုန် ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ပြည်သူလူထု၏ မဲဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက် ဖွဲ့စည်းတည်ထောင်ခဲ့ သော အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခေတ်ပြောင်းစနစ်ပြောင်းစေရန် ဦးတည်ဆောင်ရွက် နေသည့် နွေဦးတော်လှန်ရေးကို ရည်မှန်းချက်ပန်းတိုင် ရောက်သည်အထိ ဆုံးခန်းတိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ အဓိဋ္ဌာန်ပြုအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ