အတုအယောင်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ အကြမ်းဖက်စစ်အုပ်စု၏ လက်ရှိပြင်ဆင် ဆောင်ရွက်နေမှုများအပေါ် သဘောထားထုတ်ပြန်ချက်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ
တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်း ကော်မတီ
ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်
၁။ မြန်မာနိုင်ငံတွင် ပြည်သူလူထုအသိအမှတ်ပြု ရွေးကောက်တင်မြှောက်ခဲ့သည့် ၂၀၂၀ ခုနှစ်၊ ရွေး ကောက်ပွဲရလဒ်သည် ယနေ့ကာလအထိ တရားဝင် ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်အား ဥပဒေမဲ့ အဓမ္မဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကို တရားမဝင်ရယူရန် ကြိုးစားနေ သော အဖွဲ့အစည်းသာဖြစ်သဖြင့် ရွေးကောက်ပွဲတစ်ရပ်အား ဦးစီးကျင်းပပိုင်ခွင့် မရှိပါ။ ပြုလုပ်ခဲ့ပါကလည်း ယင်းရွေးကောက်ပွဲသည် မြန်မာစစ်တပ် အာဏာဆက်လက် ရယူနိုင်ရေး အတွက် ဟန်ပြ ပြုလုပ်မည့် တရားဝင်မှုမရှိသည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်မည်။
၂။ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့သောကြောင့် အဆိုပါ အခြေခံဥပဒေသည် ပျက်ပြယ်ခဲ့ပြီးဖြစ်သလို ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ ကလည်း ပြည်သူလူထုလက်မခံသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။
၃။ ယခုအချိန်သည် ပြည်သူလူထု ထောက်ခံသော နိုင်ငံရေးပါတီများသည် နည်းလမ်းပေါင်းစုံဖြင့် မတရားဖိနှိပ်ခံနေရခြင်း၊ မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေသော ခုခံတွန်းလှန်စစ်၊ ထိုးစစ်များကြောင့် စစ်ဘေးရှောင် ဦးရေ တိုးပွားလျက်ရှိသလို အခြားမြို့ရွာအသီးသီးတွင်လည်း အသက် ၁၈ မှ ၃၅ အတွင်းရှိ လူငယ်အများစုမှာ အကြမ်းဖက်စစ်တပ်၏ အဓမ္မ စစ်သား စုဆောင်းရေးအစီအမံ နှင့် မတရားဖမ်းဆီး စစ်မှုထမ်းခိုင်းမှုများကြောင့် အရပ်ရပ်သို့ ထွက်ပြေးတိမ်းရှောင် နေရခြင်း၊ တော်လှန်ရေးအင်အားစုများက မြို့နယ်ပေါင်း (၉၀) မြို့နယ်အား သိမ်းပိုက်ထားပြီး ဧရိယာအားဖြင့်လည်း တစ်နိုင်ငံလုံး၏ (၅၀) ရာခိုင်နှုန်းကျော်အား စိုးမိုးထိန်းချုပ်ထားခြင်း၊ BBC ၏ ထုတ်ပြန်ချက်အရ မြန်မာတနိုင်ငံလုံးတွင် အကြမ်းဖက်စစ်အုပ်စုက အပြည့်အဝ ထိန်းချုပ် ထားနိုင် သည့် ဧရိယာမှာ ၂၁ ရာခိုင်နှုန်းသာရှိတော့ခြင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း အကြမ်းဖက် စစ်အုပ်စု က ပြုလုပ်ခဲ့သော ဟန်ပြသန်းခေါင်စာရင်း ကောက်ယူမှုတွင် မြို့နယ် (၈၀) ခန့်ကိုသာ ဆောင်ရွက်နိုင်ခဲ့ပြီး တနိုင်ငံလုံး၏ လူဦးရေးစာရင်းကို ကောက်ခံနိုင်ခြင်းမရှိခြင်းစသည် တို့သည် ထည့်သွင်းစဉ်းစားရမည့် မြေပြင် အခြေအနေမှန် များဖြစ်သည်။
၄။ ဤကဲ့သို့အခြေအနေတွင် ပြည်သူလူထုအား လက်နက်ဖြင့် ခြိမ်းခြောက်၍ အဓမ္မ မဲထည့်ခိုင်းမည့်၊ မသမာသော နည်းလမ်းပေါင်းစုံဖြင့် မဲစာရင်းနှင့် မဲရလဒ်များ လိမ်လည်လုပ်ဆောင်နိုင်မည့် အခြေအနေ၊ ဂုဏ်သိက္ခာရှိသော လွတ်လပ်သည့် နိုင်ငံတကာနှင့် ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ မဆောင်ရွက်နိုင်သော အခြေအနေတို့တွင် အဓမ္မ လုပ်ကြံကျင်းပမည့် ဟန်ပြရွေးကောက်ပွဲသာ ဖြစ်လာမည် ဖြစ်သည်။
၅။ မြန်မာနွေဦးတော်လှန်ရေးသည် အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားသည့် အဖွဲ့အစည်းတစ်ခုခုက အတုအယောင်ရွေးကောက်ပွဲတစ်ခုကို ကျင်းပပြုလုပ်လိုက်ရုံဖြင့် ရပ်တန့်သွားမည်မဟုတ်သကဲ့သို့ ဤနည်း လမ်းသည် မြန်မာ့ပြဿနာ၏ ထွက်ပေါက်လည်း မဟုတ်ပါ။ စစ်တပ်နိုင်ငံရေးတွင် ဆက်လက်ပါဝင်နေသမျှ ပြည်သူလူထုလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်နှင့် အလှမ်းဝေးနေဦးမည် ဖြစ်ပြီး ပြည်သူ့တော်လှန်ရေးသည်လည်း အရှိန်အဟုန်ဖြင့် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။
၆။ အကြမ်းဖက်စစ်အုပ်စုအပါအဝင် ပြင်ပအင်အားစုတစ်ခုခုက မြန်မာ့ကံကြမ္မာကို ဝင်ရောက် ချယ် လှယ်ခြင်း၊ အဆုံးအဖြတ်ပေးခြင်းကို လက်ခံမည်မဟုတ်သကဲ့သို့ မြန်မာနိုင်ငံ၏ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးကို မြန်မာပြည်သူလူထု လိုလားလက်ခံသည့်ပုံစံဖြင့်သာ မြန်မာများကိုယ်တိုင် ကမကထပြု ဆောင်ရွက်သွားရမည်ဖြစ်သည်။ တော်လှန်ရေးက ပြဌာန်းထားသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်ဟူသမျှ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းမှု ဖေါ်ဆောင်နိုင်ရေးအတွက် မြန်မာပြည်သူ လူထုကိုယ်တိုင် ရွေးချယ်သည့်နည်းလမ်းများဖြင့် အောင်မြင်သည်အထိ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။
တော်လှန်ရေးသစ္စာဖြင့်
တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်း ကော်မတီ
(အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ)
Scroll to Top