၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်
စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ကြေညာချက်
၁။ ၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိမ်းတွင်း ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမ (၂) ဦး၊ ကလေးသူငယ် (၂၀) ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၄၀) ဦးကျော် ရှိကြောင်း ကနဦး သတင်းများအရ သိရှိရသည်။
၂။ အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက် ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက် တန်တန် အရေးယူအပြစ်ပေးသွားမည်။ မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည်။
၃။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးငယ်များအတွက် လုံခြုံစွာပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာရေး အားဖြည့်ပံ့ပိုးရန် တာဝန်ရှိသည်။
၄။ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ