ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ
၅၉ ကြိမ်မြောက် အစည်းအဝေး
မြန်မာနိုင်ငံ
30 June 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေများ နှင့် စပ်လျဉ်း၍ နှုတ်ဖြင့် တင်ပြချက်များကို ကြိုဆိုပါသည်။ ထို့အပြင် အဆိုပါ ဆွေးနွေးမှုတွင်ပါဝင်ခဲ့သည့် အရပ်ဖက် လူထုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအားလည်း ကျေးဇူးတင်ရှိပါသည်။
လူ့အခွင့်အရေးမဟာမင်းကြီး၏ မြန်မာနိုင်ငံအပေါ် နောက်ဆုံးအစီရင်ခံစာသည် အလွန်အရေးကြီးသော တင်ပြမှုတခုဖြစ်သည်။ “မြန်မာနိုင်ငံရှိ လူမျိုးစုအမျိုးမျိုး၊ အသက်အရွယ်အမျိုးမျိုးနှင့် လူထု လူတန်းစား အလွှာအသီးအသီးနှင့်” ဆွေးနွေးမှုများအပေါ် အခြေခံထားသည့် ထိုအစီရင်ခံစာသည် အားလုံး လွှမ်းခြုံ ပါဝင်တောင်းဆိုနေကြသော သတင်းစကားကို ထပ်ဆင့်အတည်ပြုပေးသည်မှာ “စစ်တပ်သည် နိုင်ငံရေးတွင် မပါဝင်သင့်။ ပြည်သူများသည် တာဝန်ခံမှုနှင့် လူ့အခွင့်အရေးများအပေါ် အခြေခံသော ငြိမ်းချမ်းပြီး အားလုံးပါဝင်သော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို လိုလားကြသည်” ဟူသည့်အချက် ဖြစ်သည်။
မြန်မာနိုင်ငံသည် ထိုအလားအလာများကို ရရှိရေးအတွက် မဟာမင်းကြီး အဆိုပြုသော အောက်ပါ လမ်းကြောင်းလေးခုကို ထောက်ခံပါသည်
မြန်မာနိုင်ငံအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးသို့ လုံခြုံရေး ကောင်စီမှ ပေးပို့ခြင်းအပါအဝင် တာဝန်ယူမှုနှင့် တရားမျှတမှုကိုဖော်ဆောင်ခြင်း
ကောင်းမွန်သော အုပ်ချုပ်မှုနှင့် လူထုပါဝင်မှု အခန်းကဏ္ဍကို ဖော်ဆောင်ခြင်း
ပြည်သူများအတွက် ကောင်းမွန်သောစီးပွားရေးစနစ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်နှင့် လူမှုအဖွဲ့အစည်းများ အပါအဝင်ဖြစ်သည့် ဒီမိုကရေစီအရေးလှုပ်ရှားမှု တို့နှင့် ထိတွေ့ဆက်ဆံမှုအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံမှု
မြန်မာနိုင်ငံသည် မြန်မာနိုင်ငံ၏ အထူးကိုယ်စားလှယ် Mr. Tom Andrews အားလည်း အထူးကျေးဇူးတင်ပါသည်။ Mr. Andrews ၏ အစီအစဉ်တင်ပြမှုတွင် အရေးပါဆုံး အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်
အင်အားပြင်း စစ်ကိုင်းငလျင် လှုပ်ခတ်မှုအပြီး အကြမ်းဖက်စစ်အုပ်စုမှ အကူအညီ ပေးမှုများကို ငြင်းပယ်ခြင်းနှင့် လေကြောင်း တိုက်ခိုက်မှုများကို တိုးမြှင့်လာခြင်း
အကြမ်းဖက်စစ်အုပ်စုက စီစဉ်လျက်ရှိသော အတုအယောင် ရွေးကောက်ပွဲ၏ တရားမဝင်မှု
ရိုဟင်ဂျာအရေးအတွက် လူသားချင်းစာနာမှု တုံ့ပြန်ရေးအစီအစဉ်သည် ယခု အချိန်တွင် ၂၂ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားခြင်း အပါအဝင် ရိုဟင်ဂျာများ အပါအဝင် နိုင်ငံတွင်းရွှေ့ပြောင်း နေထိုင်သူများ၏ ကျန်းမာရေး ဝန်ဆောင်မှုနှင့် စားနပ်ရိက္ခာဖြန့်ဝေမှုများအပေါ် ရန်ပုံငွေ ဖြတ်တောက်မှုများ၏ ဆိုးရွားသည့် ဆိုးကျိုးသက်ရောက်မှုများ
မြန်မာနိုင်ငံသည် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေအပေါ် အစ္စလာမ်မစ်နိုင်ငံများအဖွဲ့၏ ဆွေးနွေးတင်ပြထားသော ဆုံးဖြတ်ချက် မူကြမ်းကို ကြိုဆိုပါသည်။ အထူးသဖြင့် တာဝန်ခံမှုနှင့် ပတ်သက်ပြီး ထပ်မံ ထည့်သွင်းထားခြင်းကို ကြိုဆိုပါသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) နှင့် Mr. Andrews ၏ ကြိုးပမ်းဆောင်ရွက်မှုကို ထပ်လောင်း ကျေးဇူးတင်ရှိပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ