၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်
ယနေ့ကျင်းပပြုလုပ်မည့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ပဉ္စမအကြိမ် ပုံမှန် အစည်း အဝေးသို့ သဝဏ်လွှာ ပေးပို့ဂုဏ်ပြုခွင့်ရရှိသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လှိုက်လှဲစွာဖြင့် ဝမ်းမြောက်ကြောင်း ဖော်ပြအပ်ပါသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ နိုင်ငံရေး အင်အားစုများ၊ တော်လှန်ရေး အင်အားစုများအားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် လက်တွဲညီညီ စုပေါင်းအားထုတ် ကြိုးပမ်းဆောင်ရွက်နေမှုများ ကို မျက်မှောက်ကာလတွင် ပိုမိုခိုင်မာစွာ မြင်တွေ့ရပါသည်။ ဤခိုင်မာသော စည်းလုံး ညီညွတ်မှုနှင့် ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်မြင်ရေးအတွက် မရှိမဖြစ် လိုအပ်သော အင်အား ဖြစ်သည့်အပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင်လည်း အရေးပါ သော အုတ်မြစ်များဖြစ်လာမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခိုင်မာစွာ ယုံကြည်ပါ သည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂) အခန်း (၈) အပိုဒ် (၅၂) အရ စစ်ကိုင်း ဖက်ဒရယ်ယူနစ်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တရားများ ပေါ်ပေါက်လာစေရေး အတွက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေဖြင့် ဒေသအခြေပြု တော်လှန်ရေး အင်အားစုများ နှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်နေမှုများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အပြည့်အဝ ပူးပေါင်းပါဝင်ကူညီ၍ အားပေးထောက်ခံလျက် ရှိပါသည်။
အထူးသဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြား ကာလဖွဲ့စည်းပုံအခြေခံဥပဒေ (တတိယမူကြမ်း) ကို ပြည်ထောင်စုအဆင့်နှင့် ဒေသတွင်း အင်အားစု များ၏ အကြံပြုချက်များအပေါ် သုံးသပ်ပြင်ဆင်ပြီး ပြည်သူလူထုသိရှိနိုင်ရန် ထုတ်ပြန်ကြေညာနိုင်ခဲ့ ခြင်း၊ ထို့အပြင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက် ရေးကော်မရှင် (FSCC) နှင့် ပုံမှန်တွေ့ဆုံဆွေးနွေး၍ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) နှင့်ပတ်သက်သော အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးဖလှယ်နိုင်ခဲ့ခြင်းတို့အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ နိုင်ငံရေးအင်အားစုများ စုပေါင်း၍ ဖက်ဒရယ်ယူနစ် အစိုးရတစ်ရပ် ပေါ်ပေါက်ရေးအတွက် လိုအပ်သော အခြေခံမူများ ချမှတ်နိုင်ရေး လက်တွဲညီညီ အလုပ်လုပ်ဆောင်လာနိုင်ခြင်းသည် မြေပြင်၏ လိုအပ်ချက်ကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ် တည်ဆောက်ရေး၏ ခိုင်မာသော ခြေလှမ်းဖြစ်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အုတ်မြစ်တစ်ခုလည်း ဖြစ်ပါသည်။ ဖက်ဒရယ် ယူနစ်နှင့် ဗဟိုအစိုးရကြား အပြန်အလှန်အသိအမှတ်ပြုမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ရှိနေခြင်းသည် တော်လှန်ရေးအောင်မြင်ဖို့အတွက်သာမက အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်ပါ အလွန်အရေးကြီးသောကြောင့် ရှေ့ဆက်ပြီး ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံရေးဓလေ့များ ပိုမိုခိုင်မာလာစေရန် အားထုတ်ကြိုးပမ်းသွားရန် လိုအပ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အလေးအနက်ရှုမြင်မိပါသည်။
ယခုကျင်းပသည့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးတွင် စစ်ကိုင်း ပြည်သူများနှင့် တည်ထောင်လတ္တံသော . ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတို့အတွက် အကျိုး ဖြစ်ထွန်းစေမည့် ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
National Unity Government