ထုတ်ပြန်ချက် (၆/၂၀၂၅)
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်
၁။ ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအရပ်ရပ်တို့နှင့်ပတ်သက်၍ ထိုင်းနိုင်ငံအတွင်း (အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်ဖိနှိပ်မှုများအပါအဝင် အကြောင်း အမျိုးမျိုးဖြင့်) ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံသားများ စုဝေး ဆန္ဒပြသည့် နေရာများအား ရှောင်ရှားကြရန်၊ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်း မပြု ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
၂။ မိမိတို့၏ မိခင်တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် မလွှဲသာမရှောင်သာ အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေရသည့်အားလျော်စွာ အတတ်နိုင်ဆုံး မိမိယာယီခိုလှုံနေထိုင်လျက်ရှိ သည့် နိုင်ငံ၏ ဥပဒေ၊ ဒေသန္တရ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ၊ လူမှုအသိုင်းအဝိုင်းတို့နှင့် သဟ ဇာတဖြစ်စွာ နေထိုင်နိုင်ရေးမှာ လွန်စွာအရေးကြီးသည့်အလျှောက် ထိုင်းရောက်မြန်မာနိုင်ငံ သားများအနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။
၃။ ထို့အတူ ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်၊ ထိုင်းပြည်သူလူထုတို့အား ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရက အထူးကျေးဇူးတင်ရှိလျက်ရှိပါကြောင်း ဖော်ပြလို ပါသည်။
၄။ မိမိတို့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထု အပေါ် ဖိနှိပ်ရက်စက်မှုများကြောင့် ထွက်ပြေးခိုလှုံလာရသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြပါ။ မြန်မာနိုင်ငံအတွင်း အကြမ်း ဖက်စစ်အုပ်စု၏ အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးပါက အမိမြန်မာနိုင်ငံ သို့ ပြန်လည် နေထိုင်ကြမည့်သူများသာ ဖြစ်ပါသည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိယာယီ ခိုလှုံနေရသည့်ကာလအတွင်း၌ မြန်မာနိုင်ငံသားများက ထိုင်းလူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လေးစား လိုက်နာလျက် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးကို ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးနှိုးဆော်ရင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လူသားချင်းစာနာ ထောက်ထားလျက် ဆက်လက်၍ ကူညီစောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံပန်ကြားအပ် ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ