အမျိုးသားညီညွတ်ရေးအစိုးရ ၇/၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

ရန်သူ့ အပေါ်မှာ မထောက်မညှာတမ်း တိုက်ခိုက်ပြီး၊ ပြည်သူ့အပေါ်မှာတော့ အဖြောင့်မတ်ဆုံး ရိုးသားနိုင်ဖို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခဲ့ပါသည်။
ယာယီသမ္မတ ဒူဝါလရှီးလက “ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှု တွေကြားထဲမှာပြည်တွင်းနိုင်ငံရေးကို ရုန်းထ နေရတဲ့ အခြေအနေမှာ ရှိပါသည်။အထူးသဖြင့် ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ပြည်တွင်းရေးအခြေအနေတွေကို ပဋိပက္ခသက်ဆိုး ရှည်အောင် အပံ့အပိုးဖြစ်နေတာတွေ တွေ့ရပါသည်။ကျွန်တော်တို့အနေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ လက်တွေ့နိုင်ငံရေးအခင်းအကျင်းကို လက်တွေ့ကျကျ ရှုမြင်ပြီးတော့ အလှည့်အပြောင်းဖြစ်လာတဲ့ နိုင်ငံရေးအတိမ်းအညွှတ်တွေမှာ လူထုအတွက် ဘယ်လို အကောင်း ဖြစ်အောင် လုပ်ကြမလဲဆိုတာကြိုတင် စဉ်းစားထားကြဖို့ လိုပါသည်။ ကျွန်တော်တို့အနေနဲ့လက်ရှိ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမဟာဗျူဟာမြောက်ချည်းကပ်မှုတွေ ထပ်တိုးလုပ်ဆောင်မလဲဆိုတာ လေးလေးနက်နက် အဖြေရှာကြဖို့ ဖြစ်ပါတယ်။ ” လို့ပြောကြားပါသည်။
ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ဟာ ရန်သူ့ အပေါ်မှာ မထောက်မညှာတမ်း တိုက်ခိုက်ပြီး၊ ပြည်သူ့အပေါ်မှာတော့ အဖြောင့်မတ်ဆုံး ရိုးသားနိုင်ဖို့ လိုပါသည်။ ဒါဟာ တော်လှန်ရေးကျင့်ဝတ်ဖြစ်သလို၊ ကျွန်တော်တို့ ခံယူရမယ့် သဘောထားလို့လည်း ထင်ပါသည်။ ကျွန်တော်တို့ အစိုးရအပေါ် ဝေဖန်လာတဲ့ဝေဖန်ချက်တွေကို အလုပ်နဲ့ သက်သေပြပြီး ပြန်လည် ချေပနိုင်စွမ်း ရှိရမယ်လို့ ပြောချင်ပါတယ်။ ” လို့ ယာယီသမ္မတ က ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ ၂၀၂၅ ဟာ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး စတဲ့ကဏ္ဍစုံမှာတော်လှန်ရေးအတွက် ရလဒ်ကောင်းတွေ၊ အဖြေကောင်းတွေထွက်အောင် အစွမ်းကုန်ရုန်းကန်ကြရမယ့်နှစ်ဖြစ်တယ်လို့ ပြောခဲ့တာနဲ့အညီ ကျွန်တော်တို့အစိုးရအဖွဲ့ဝင်တွေအားလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ အလုပ်တွေ ပိုလုပ်ကြရမယ့်နှစ်တစ်နှစ်ဖြစ်ပါသည်။ တော်လှန်ရေးဟာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ထဲနဲ့ သွားနေတဲ့တော်လှန်ရေးမဟုတ်သလို ကျွန်တော်တို့အစိုးရဟာလည်း Collective Leadership ဆိုတဲ့ခေါင်းဆောင်မှုနဲ့ အလုပ်လုပ်နေကြတာဖြစ်လို့ စုစုစည်းစည်း အလုပ်လုပ်နိုင်ဖို့တော့ လိုအပ်မှာ ဖြစ်ပါသည်။ မိမိတို့ သက်ဆိုင်ရာဝန်ကြီး ဌာနရဲ့နိစ္စဒူဝလုပ်ငန်းတွေအပြင် ကျွန်‌တော်တို့ စုဖွဲ့ထားတဲ့ ကဏ္ဍအလိုက် စုပေါင်း အင်အားနဲ့ စုပေါင်းအကြံဥာဏ်တွေနဲ့ ထိထိမိမိဝိုင်းဝန်း ကြိုးစားကြရမယ့် အချိန် ဖြစ်ပါသည်။ ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအပြောင်းအလဲ အခြေအနေများအပေါ် မှာလည်း မျက်ခြေမပြတ်ပဲ မိမိတို့ရည်မှန်းထားတဲ့ တော်လှန်ရေးလုပ်ငန်းစဥ်များကိုလည်း မဟာဗျူဟာ ကျကျ မတိမ်းစောင်း မယိမ်းမယိုင်စေပဲ ရှိတဲ့ အချိန်အရင်းအမြစ်၊ ဘဏ္ဍာအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်များနဲ့ စနစ်တကျစီမံခန့်ခွဲရင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း” ပြောကြားပါသည်။
အစည်းအဝေးတွင် အမျိုးသမီး ၊ လူငယ် နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး ကဂျပန်ခရီးစဉ်ကို တင်ပြဆွေးနွေးခဲ့ပါသည်။
အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကိုပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
Scroll to Top