အမျိုးသားညီညွတ်ရေးအစိုးရ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

တိုင်းရင်းသားဒေသတွေရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးဟာ စစ်အာဏာရှင်စနစ် ပြိုလဲခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား
ဇူလိုင် ၁၆ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့ကြီးတွေရဲ့ လက်တွဲ ခေါ်ဆောင်မှုနဲ့ လက်နက်ကိုင် တော်လှန်ရေးအတွေ့အကြုံကို ကျွန်တော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ ကောင်းစွာသင်ယူ လေ့လာနိုင်ခဲ့ကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။ အထူး သဖြင့် ၁၀၂၇ စစ်ဆင်ရေး – ဒုတိယလှိုင်းလို့ ပြောနိုင်တဲ့ မန္တလေး – ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ ပါဝင်လှုပ်ရှားမှုဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အောင်အောင်မြင်မြင်ဖြစ်တာကို တွေ့ရပါတယ်။ အဲသည့်အတွက် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ကိုလည်း လှိုက်လှဲစွာ ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်တော်လှန် ရေးဟာ အစကနဦး အချိန်မှာတော့ “မုဆိုး စိုင်သင် – သဘာမျိုး” နဲ့ တဖြည်းဖြည်းချင်း လေ့လာသင်ယူ ကြရတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်ကမ်းကြိုဆိုမှုနဲ့ ရှေ့ဆောင် လမ်းပြသင်ကြားပေးမှုတွေဟာ နွေဦးတော်လှန်ရေးရဲ့ ခုခံ တော်လှန်စစ်ရေး အခြေအနေကို အတိုင်းအထက်အလွန် မြှင့်တင်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ မျှော်လင့်ခြင်း ရောင်ခြည်ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သတိချပ်ဖို့လိုတဲ့ကိစ္စ တစ်ခုကို ပြောချင်ပါတယ်။ အဲဒါကတော့ စစ်ရေးအရ အောင်မြင်မှုဆိုတာမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ရုံနဲ့ ပြီးမြောက်မှုရှိပြီလို့ မပြောနိုင်သေးဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ “သိမ်းပြီးရင် ထိန်းနိုင်ဖို့ လိုတယ်” ဆိုတာကို မမေ့မလျော့ကြဖို့ ဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း “ အထူးသဖြင့် လွတ်မြောက်ဒေသတွေ၊ လွတ်မြောက်ဧရိယာတွေ ဆိုတာဟာ စစ်ရေးအခြေခံဒေသကို ပီပီပြင်ပြင် ခိုင်ခိုင်မာမာ တည်ဆောက်ပြီးမှ ပေါ်ပေါက်လာ တာဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ရေးအရ အမြော်အမြင်ရှိမှုနဲ့ နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်မှု တွေဟာ ခုခံတော်လှန်စစ်မှာ အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အစိုးရ အဖွဲ့ဝင် အားလုံးလည်း လူထုနဲ့ တစ်သားတည်း ရပ်တည်ပြီးတော့ ခုခံတော်လှန်စစ် အခြေခံ ဒေသတွေ အပြိုင်းအရိုင်း ပေါ်ပေါက်ရေးကို အလေးအနက်ထား ကြိုးစားကြဖို့ တိုက်တွန်းလို ပါတယ်။ အခု နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးနဲ့ တိုင်းရင်း သားလွတ်မြောက်မှု တော်လှန်ရေးကို ပေါင်းစပ်ထားတယ်ဆိုတာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပိုပြီး သိသာထင်ရှားလာပါတယ်။ ဒါဟာ ပြည်သူလူထုအတွက် အားအတက်ရဆုံးသော လူထုတော်လှန်ရေးကြီးအတွက် အဓိက အသက်ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးကို လုပ်ဆောင်ရင်းနဲ့ တိုင်းရင်းသား လွတ်မြောက်ရေး တိုက်ပွဲတွေ အောင်ပွဲခံလာနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးဟာ စစ်အာဏာရှင်စနစ် ပြိုလဲခြင်းရဲ့ သင်္ကေတ တစ်ခု ဖြစ်တာတွေ့ရပါတယ်။ ဒါဟာ အပြန်အလှန် သက်ရောက်မှု ရှိနေတာ ဖြစ်တာကြောင့် ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေကို တိုက်ရိုက်ချက်ကြိုး ဆက်နိုင်ပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်လက်ပြီး ခိုင်မာ ကျယ်ပြန့်အောင် လုပ်နိုင်လေလေ၊ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အရှိန်မြှင့်နိုင် လေလေ ဆိုတာ ကျွန်တော်တို့ အားလုံး သဘောပေါက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခုခံ တော်လှန်စစ်အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေဖို့လည်း တိုက်တွန်းချင်ပါ တယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးကို နိုင်ငံရေးအရ၊ စစ်ရေးအရ ပေါင်းစပ်ထားတာဖြစ်သလို၊ လူမှုတော်လှန်ရေးအနေနဲ့လည်း အသွင်ဖော်ဆောင်ထား နိုင်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နယ်ပယ်တိုင်း ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်မှုတွေဟာ အင်မတန်များပြား ကျယ်ဝန်းတာကို တွေ့ရပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒါအပြင် လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခ ထောင်ချောက်တွေကိုလည်း ရှောင်ရှားနိုင်ဖို့ သတိရှိရမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူလူထု အချင်းချင်းအကြား သဟဇာတဖြစ်မှု ကြီးမားလာအောင် လုပ်ရမှာဖြစ်ကြောင်းနဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုအချင်းချင်း စုစည်းညီညွတ်နိုင်အောင်လည်း အစဉ်တစိုက် ကြိုးစားအားထုတ် နေရမှာ ဖြစ်ကြောင်း ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီလပိုင်းအတွင်းမှာ နိုင်ငံရေး အခြေအနေ အဖြစ်အပျက်တွေ၊ တော်လှန်ရေးရဲ့ ဦးတည်ရာတွေက သိပ်ကို မြန်မြန်ဆန်ဆန်နဲ့ လှုပ်လှုပ် ခပ်ခပ်ဖြစ်နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်သက်အတွက် ရုန်းကန် နေတဲ့သူအလား ကယောင် ချောက်ချား ထင်ရာစိုင်းနေတာတွေကိုလည်း နေ့စဥ်နဲ့အမျှ ကြား သိမြင် တွေ့ နေရပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေကအစ ဆန်ကုန်သည်တွေပါမချန် ဘဏ်တွေအထိ စိတ်ကူးပေါက်သလို ဖမ်းဆီးပြီး စီးပွားရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင် နေသလို တစ်ဘက် ကလည်း ပြည်ပရောက်အလုပ်သမားတွေ၊ အလုပ်အကိုင်အေဂျင်စီတွေကို ဘေးကြပ်နံကြပ် ဖြစ်အောင်ဆောင်ရွက်နေတာတွေ၊ CDM ဝန်ထမ်းတွေကို ပြန်မဲဆွယ်နေ တာတွေလည်း လုပ်‌ဆောင်နေတာ ရှိပါတယ်။ ခြုံငုံလေ့လာကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အဆုံးထိ သူတို့နဲ့အတူ ဆွဲချသွားဖို့ ကြိုးစားနေတဲ့ပုံပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့လည်း တိုင်းပြည်အာဏာလုယူပြီး ဆိုးသွမ်းရမ်းကားနေတဲ့ စစ်ကောင်စီနဲ့ တွေ့ကြုံနေရတဲ့ အချိန်မှာ ရေကြီးရေလျှံကိစ္စတွေကလည်း ဖြစ်ပေါ်လာတော့ တစ်ပူပေါ် နှစ်ပူဆင့်သလိုပဲ ဒုက္ခရောက်နေ ကြရတဲ့ အခြေအနေပါ။ ဘာပဲဖြစ်ဖြစ် တစ်ဘက် ကလည်း စစ်ရေးအရှိန်တွေ မြှင့်လာနေတာမို့ ပြည်သူတွေလည်း အောင်ပွဲတွေကို မျှော်မှန်းပြီး စိတ်အားတက်ရတာတွေလည်း ရှိမယ်လို့ ထင်ပါ တယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့တော့ လုပ်နိုင်သမျှ အစွမ်းကုန် ပြည်သူကို စောင့်ရှောက် ကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း “အစိုးရအနေနဲ့တော့ စစ်ရေးအရှိန်မြှင့်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အုပ်ချုပ်ရေး ဆိုင်ရာကိစ္စတွေ အပါအဝင် နိုင်ငံရေးဆိုင်ရာကိစ္စတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် စဥ်းစား ထားကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ကျွန်‌တော်တို့နိုင်ငံရဲ့ ပထဝီအနေအထား၊ ရှည်လျားတဲ့ သမိုင်းကြောင်းတို့ကြောင့် နိုင်ငံရေးကိစ္စတွေ အဖြေရှာကြတယ်ဆိုရာမှာ တော် တော်လေးရှုပ်ထွေးပြီး ခက်ခဲနိုင်ပါတယ်။ အချိန်လည်း ယူရနိုင်ပါတယ်။ ဒါပေမယ့်လည်း ရင်ဆိုင်ကျော်လွှားကြရမယ့် ကိစ္စလည်း ဖြစ်တာကြောင့် အစိုးရအဖွဲ့အတွင်းက အတွေ့အကြုံ များကြတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေအနေနဲ့ စုပေါင်းစဥ်းစားအဖြေရှာကြမယ်ဆိုရင် တန်ဖိုးရှိတဲ့ ရလဒ်တွေ ထွက်လာမယ်လို့လည်း ယုံကြည်ပါတယ်။အချိန်က အကန့်အသတ်ဖြစ် လာတာ ကြောင့် ကျွန်တော်တို့က သွက်သွက်လက်လက် သွားပါမှ အောင်ပွဲကို မြန်မြန်တက် လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။
အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်ရှိဖြစ်ပေါ် တိုးတက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
Scroll to Top