(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် )
ယနေ့ကျရောက်သည့် မင်္ဂလာရှိသော ချင်းအမျိုးသားနေ့ အခါသမယတွင် ချင်းပြည် အတွင်းရှိ ချင်းအမျိုးသားခေါင်းဆောင်ကြီးများ၊ ချင်းလူမျိုးစုများ၊ ချင်းပြည်သူလူထုနှင့် ချင်း အနွယ်ဝင် လူနည်းစုများအပါအဝင် ချင်းတိုင်းရင်းသား မဟာမိတ်တော်လှန်ရေး ရဲဘော်ရဲဘက် တပ်ဖွဲ့ဝင်များအားလုံး ဘေးရန်ကင်းကွာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဦးစွာမေတ္တာပို့သဆုတောင်း အပ်ပါ သည်။
လွတ်လပ်ရေးရပြီးခေတ် ၁၉၅၀ ပြည့်နှစ်၊ အောက်တိုဘာလ(၉)ရက်နေ့တွင် ကျင်းပ ခဲ့သည့် ဦးဝမ္မသူးမောင် ဦးဆောင်သော ချင်းရေးရာကောင်စီ အစည်းအဝေးတွင် ချင်းအမျိုးသား နေ့ကို သတ်မှတ်ရန် ရွေးချယ်ကြရာ တိုက်သူကြီးတို့ အုပ်ချုပ်မှုလက်အောက်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးသစ်သို့ ပြောင်းလဲခဲ့သည့် ဖလမ်းမြို့လူထုညီလာခံ ကျင်းပသည့်နေ့ဖြစ်သော ၁၉၄၈ခုနှစ်၊ ဖေဖော် ဝါရီလ(၂၀)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်ကို ချင်းအမျိုးသားနေ့အဖြစ် တက်ရောက်လာသော ကောင်စီအမတ်အားလုံးက သဘောတူပြီး သဘာပတိ ဦးလျင်ထုမ်းက အတည်ပြုခဲ့ပါသည်။
ခေတ်သမိုင်းများကို ပြန်ကြည့်လျှင် ကိုလိုနီနယ်ချဲ့လက်အောက်သို့ မြန်မာနိုင်ငံတစ်ခုလုံး ကျရောက်စဉ်တွင်လည်း ချင်းပြည်တောင်တန်းဒေသ အပါအဝင်ဖြစ်ခဲ့ပါသည်။ သူ့ကျွန်မခံလို သော၊ မျိုးချစ်စိတ်ပြင်းထန်သော ချင်းအမျိုးသားခေါင်းဆောင်များနှင့် ချင်းလူငယ်များသည် အခြားတိုင်းရင်းသားများနှင့်အတူ လက်တွဲကာ နယ်ချဲ့အစိုးရနှင့် ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲ များတွင် အတူရုန်းကန် တိုက်ပွဲဝင်ခဲ့ကြသည့် သမိုင်းမှာ အထင်အရှားဖြစ်ပေသည်။ ထို့နောက် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းကြစဉ်ကာလတွင်လည်း အခြားတိုင်းရင်းသားများနည်းတူ ချင်း အမျိုးသားကိုယ်စားလှယ်များ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး သမိုင်းဝင်ပင်လုံစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်၍ လွတ်လပ်ရေးကို တောင်တန်း ပြည်မ မခွဲခြားဘဲ တညီတညွတ်တည်း ရယူနိုင်ခဲ့ ကြပါသည်။
ယခုလက်ရှိ နွေဦးတော်လှန်ရေးကာလ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော ပြည်သူလူထုအား အကြမ်းဖက် အာဏာရှင်လက်ပါးစေစစ်တပ်က ပစ်ခတ်ဖြိုခွင်းသောအခါတွင် ချင်းအမျိုးသား တို့၏ တူမီးလက်နက်ဖြင့် ပြည်သူကိုကာကွယ်ပေးခဲ့ပြီး စစ်အာဏာရှင်ကို စတင်ခုခံတွန်းလှန် သည့် သမိုင်းသည်လည်း အထင်အရှားဖြစ်ခဲ့သည်မှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပင် ဖြစ်ပါ သည်။
နယ်ချဲ့အစိုးရနှင့် ဖက်ဆစ်တော်လှန်ရေးသမိုင်း၊ ပင်လုံစာချုပ်ချုပ်ဆိုသည့်သမိုင်းနှင့် လက်ရှိတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ် ပြတ်ရေးကို အတူပူးပေါင်း တိုက်ပွဲဝင်လျက်ရှိသော ချင်းအမျိုးသားခေါင်းဆောင်များနှင့် ချင်း မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့အသီးသီးကို အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ယူစွာ ကမ္ဗည်း မှတ်တမ်းတင်ထားမည် ဖြစ်ပါသည်။ယခုပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း ချင်းတိုင်းရင်းသားများအတွက် ဦးဆောင်ဦးရွက်ပြုလျက်ရှိကြသည့် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်ကြီးများအနေဖြင့် အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း တိုင်ပင်ကာ လွတ်လပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင် ရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရက မျှော်လင့်ပါသည်။
လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှစတင်၍ စစ်အာဏာရှင်အဆက်ဆက်ကို တိုက်ပွဲဝင် တော်လှန်ရင်း ယခုလက်ရှိနွေဦးတော်လှန်ရေးကာလအထိ ကျဆုံးသွားခဲ့ရသည့် ချင်းအမျိုးသား ခေါင်းဆောင်များ၊ ချင်းသူရဲကောင်းအာဇာနည်များနှင့် ချင်းပြည်သူလူထုအပေါင်း၏ ကိုယ်ကျိုး စွန့်အနစ်နာခံမှုများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အလေးအမြတ် ဂါရဝထား ဦးညွှတ်အပ်ပါသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် မပြီးဆုံးသေးသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတို့တွင်လည်း မဟာမိတ် ချင်းတိုင်းရင်းသား ခေါင်းဆောင်များ၊ ချင်းပြည်သူလူထုတို့နှင့်အတူတကွ ဆက်လက် လက်တွဲ ဆောင်ရွက်သွားပါမည်ဟု ခိုင်ခိုင်မာမာ ကတိကဝတ်ပြုရင်း (၇၇) နှစ်မြောက် ချင်းအမျိူးသားနေ့ အတွက် ဂုဏ်ပြုဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
National Unity Government