အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်နှင့် အခြားအဖွဲ့အစည်းများက နိုင်ငံပိုင်ပစ္စည်းများအား ထုခွဲရောင်းချရန်၊ ငှားရမ်းရန်နှင့် အခြားနည်းဖြင့်ဆောင်ရွက်ရန် စီစဉ်နေခြင်းသည် တရားဝင်မှု အလျဉ်းမရှိသောကြောင့် ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ အခြားတနည်းနည်းဖြင့် ပါဝင်ပတ်သက်ခြင်း မပြုကြရန်နှင့် လိုက်နာမှုမရှိပါက အရေးယူသွားမည်ဖြစ်ပြီး နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်ခြင်း

ဇန်နဝါရီ ၂၂၊ ၂၀၂၄

၁။ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုထံမှ အာဏာကို မတရားသောနည်းလမ်းဖြင့် အတင်းအဓမ္မ သိမ်းယူရန်ကြိုးပမ်းအားထုတ်နေသော တရားမဝင်အဖွဲ့အစည်းဖြစ်သည့်အပြင် မကြာခင် ချုပ်ငြိမ်းပျောက်ကွယ်သွားတော့မည့် အကြမ်းဖက်အဖွဲ့အစည်းသာ ဖြစ်သည်။

၂။ အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်နှင့် အခြားအဖွဲ့အစည်းများသည် နိုင်ငံပိုင်ပစ္စည်းများဖြစ်သည့် ဌာနပိုင်ပစ္စည်းများ၊ ဌာနပိုင်ပုံသေပိုင် ပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သော သို့မဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မြေ၊ အဆောက်အအုံ၊ အသိဉာဏ်ပစ္စည်းပိုင်ဆိုင်ခွင့်များနှင့် သမဝါယမပိုင်ပစ္စည်းများအပါအဝင် နိုင်ငံတော်က တရားဝင် ပိုင်ဆိုင်သည့် အခြားပိုင်ဆိုင်မှုများကို ထုခွဲရောင်းချရန်၊ ငှားရမ်းရန်နှင့် အခြားနည်းဖြင့် ဆောင်ရွက်ရန် အဆောတလျင် စီစဉ်နေကြောင်း သိရှိရသည်။

၃။ နိုင်ငံပိုင်ပစ္စည်းများ၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား ပြည်သူများသာဖြစ်သည့်အတွက် ပြည်သူလူထုအားကိုယ်စားပြုမှု အလျဉ်းမရှိသော အကြမ်းဖက် စစ်ကောင်စီနှင့် ယင်း၏လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် အထက်အပိုဒ် (၂) တွင်ဖော်ပြပါ ပစ္စည်းများအပါအဝင် နိုင်ငံသားပြည်သူများပိုင် မည်သည့်ပစ္စည်းကိုမျှ ရောင်းချပိုင်ခွင့်၊ ငှားရမ်းပိုင်ခွင့် နှင့် အခြားမည်သည့်နည်းနှင့်မျှ စီမံခန့်ခွဲပိုင်ခွင့် မရှိပါ။

၄။ သို့ပါ၍ အထက်အပိုဒ် (၂) တွင်ဖော်ပြပါ နိုင်ငံပိုင်ပစ္စည်းများ အပါအဝင် နိုင်ငံသား ပြည်သူများ ပိုင်ပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ အခြားတစ်နည်းနည်းဖြင့် ပတ်သက်ဆက်နွှယ်ခြင်း မပြုကြရန် သတိပေးတားမြစ်လိုက်သည်။ တားမြစ်ချက်အား လိုက်နာမှုမရှိဘဲ နိုင်ငံပိုင်ပစ္စည်းများကို လက်ဝယ်ရယူထားသူ မည်သူကိုမဆိုအား အ‌ရေးယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံပိုင်အဖြစ် ပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

(ပုံ)တင်ထွန်းနိုင်

Union Minister

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန

အမျိုးသားညီညွတ်‌ရေးအစိုးရ

Scroll to Top