နိုင်ငံရေးပါတီများအား အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးအဖြစ် သွတ်သွင်းအသုံးချခြင်းမှ ရုန်းထွက်ကြရန် သတိပေးတိုက်တွန်းခြင်း

နိုင်ငံရေးပါတီများအား အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးအဖြစ် သွတ်သွင်းအသုံးချခြင်းမှ ရုန်းထွက်ကြရန် သတိပေးတိုက်တွန်းခြင်း

ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်

၁။ တိုင်းပြည်အာဏာကို မတရားလုယူသိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်း အောင်လှိုင်သည် ၎င်းတို့ တရားမဝင်ပြဌာန်းထားသည့် ဥပဒေအရ မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီ များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံရေးပါတီများအနေဖြင့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူများအား “သတင်းပေးပို့ရန်” ပြောကြားခဲ့သည်။ ဤသည် မှာ နိုင်ငံရေးပါတီများနှင့် ပါတီဝင်များအား အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်ရေး ယန္ထရားတွင် ထောက်တိုင်အဖြစ် အသုံးချရန် ရည်ရွယ်ကြောင်း သုံးသပ်တွေ့ရှိရသည်။

၂။ နိုင်ငံရေးပါတီများဆိုသည်မှာ နိုင်ငံရေးကိုယ်စားပြုခြင်း၊ နိုင်ငံရေးသမားများ လေ့ကျင့်သင်ကြားခြင်း၊ နိုင်ငံ ရေးပါဝင်မှုမြှင့်တင်ခြင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက အစိုးရဖွဲ့ခြင်း၊ မူဝါဒရေးရာများ အဆိုပြုခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်း၊ နိုင်ငံရေးအသိပညာပေးခြင်းနှင့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရသော နိုင်ငံရေးအဖွဲ့အစည်းများဖြစ်ပါသည်။

၃။ ယင်းသို့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်၏ ပြောကြားချက်သည် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အဆိုပါ နိုင်ငံရေးပါတီများ၏ နိုင်ငံရေးရာ လုပ်ငန်းတာဝန်များကို အသိအမှတ်ပြုခြင်း မရှိသည့်အပြင် နိုင်ငံ ရေး ပါတီ ခေါင်းဆောင်များနှင့် ပါတီဝင်များကို အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးများသဖွယ် အသုံးပြုရန် ကြိုး ပမ်းနေခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ “ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးစနစ်” အမည်ခံ လက်ကိုင် တုတ်များအဖြစ် အသုံးပြုရန် ရည်ရွယ်ခြင်း၊ ဒီမိုကရေစီကို ပုံဖျက်သည့် သမိုင်းတရားခံပါတီများအဖြစ် သွတ် သွင်းခြင်း ဖြစ်ကြောင်း ထင်ရှားပေါ်လွင်လျက် ရှိပါသည်။

၄။ သို့ဖြစ်ရာ အကြမ်းဖက်စစ်အုပ်စုမှ ဖွဲ့စည်းထားသော အတုအယောင်ရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံ ရေးပါတီများအဖြစ် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ပါတီဝင်များအနေဖြင့် အကြမ်း ဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ငန်းများတွင် သတင်းပေးများအဖြစ် ပါဝင်ဆောင်ရွက်၍ ပြည်သူ့သစ္စာ ဖောက်ဘဝဖြစ်နေရခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်ရေးယန္တရားအတွင်း အစိတ်အပိုင်းအဖြစ် ပါဝင်သွားနိုင် ခြင်း၊ သမိုင်းတရားခံ ဖြစ်နေရခြင်းတို့မှ လွတ်မြောက်ရေးအတွက် နိုင်ငံရေးပါတီများ အဖြစ်မှ မှတ်ပုံတင်မှု ရုတ် သိမ်းခြင်း၊ ပါတီဝင်များအဖြစ်မှ နှုတ်ထွက်ခြင်း၊ ကင်းကွာပါတီဝင်များအဖြစ် ပြုမူနေထိုင်ခြင်းတို့ ပြုလုပ်ကာ နိုင်ငံရေး ဂုဏ်သိက္ခာ (Political Integrity) ကို ထိန်းသိမ်းစောင့်ရှောက်ကြရန် သတိပေးတိုက်တွန်းလိုက်သည်။

Scroll to Top