ဒီမောဆိုမြို့ရှိ စာသင်ကျောင်းဆောင်များအား အကြမ်းဖက်စစ်တပ်က ပစ်ခတ်တိုက်ခိုက်သဖြင့် ကလေးသူငယ်များ သေဆုံးဒဏ်ရာရရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် ၁၀ နာရီ ၁၅မိနစ် အချိန်ခန့်တွင် ကရင်နီပြည်(ကယားပြည်နယ်) ဒီမောဆိုမြို့ အနောက်ဘက်ခြမ်း ‌ဒေါဆီအီရွာရှိ အ.လ.က စာသင်ကျောင်းဆောင် (၂) ဆောင်အား ကလေးငယ်များစာသင်ကြားနေချိန်တွင် အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ကလေးငယ် (၄) ဦးနှင့် အရပ်သား (၁) ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၁၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက ဒေါဆီအီရွာနှင့် (၁) မိုင်ခွဲခန့်ဝေးသည့် လွိုင်နန်းဖရွာသို့ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သဖြင့် ရွာရှိ (အ.ထ.က) ကျောင်းအနီးတဝိုက်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် (အ.ထ.က) ကျောင်းအဆောက်အဦ (၆) လုံး၊ ခရစ်ယာန်ဘုရား ကျောင်း (၁) ကျောင်း၊ နေအိမ် (၅) လုံး၊ ကား(၁) စီးနှင့်ဆိုင်ကယ်များပျက်စီးခဲ့ကာ ဆန်စက်ပိုင်ရှင် ဒေသခံ (၁) ဦးသေဆုံးခဲ့ပြီး ကျောင်းဆရာ၊ ဆရာမ (၂) ဦးနှင့် ‌ဒေသခံ (၅) ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟုလည်း သိရှိရသည်။ ဒရုန်းများဖြင့် ကင်းထောက်ပြီး ကလေးငယ်များ ရှိနေသည့် စာသင်ကျောင်းမှန်း သိလျက် ဗုံးကျဲခဲ့ခြင်းဖြစ်သောကြောင့် အဆိုပါလုပ်ရပ်သည် ကလေး၊ သူငယ်များကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်သည့် လုပ်ရပ်ဖြစ်သည်မှာ လွန်စွာထင်ရှားပါသည်။

အကြမ်းဖက်စစ်တပ်သည် ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းများကို ပစ်မှတ်ထား၍ ဗုံးကျဲခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းတို့ကို ပြည်သူ့နွေဦးတော်လှန်ရေး (၃) နှစ်တာကာလအတွင်း ကြိမ်ဖန်များစွာပြုလုပ်ခဲ့ကာ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၅၂) ကျောင်း ပျက်စီးခဲ့ရပြီး အခြားသော အကြောင်းများကြောင့် ပျက်စီးခဲ့ရသည့် ကျောင်းပေါင်း (၁၉၉) ကျောင်းရှိခဲ့ပြီဖြစ်သည်။ အဆိုပါ ဖြစ်ရပ်များအနက် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ပစ်ခတ်မှုနှင့် ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ ပစ်ခတ်မှု တို့တွင် ကလေးငယ်များစွာ ထိခိုက်ကျဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်ကိုတွေ့ရှိရသည်။ (၃) နှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော အသက်(၁၈) နှစ်အောက်ကလေးငယ် (၆၃၀) ကျော် ရှိခဲ့ပြီဖြစ်သည်။

စာသင်ကျောင်းများ ၊ ဘာသာရေးအဆောက်အဦများ နှင့် ကလေးငယ်များကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်ခြင်းသည် လူမဆန်သည့် ၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ရာရောက်သော လုပ်ရပ်ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ကလေးသူငယ်များ၏ ပညာရေးအခွင့်အရေး (Right to Education) ကို ဆိုးရွားစွာ ချိုးဖောက်ခံရမှု၊ စာသင်ကျောင်းများကို ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်များအတွက် တရားမျှတမှု ဖော်ဆောင်ရေးတွင် အားဖြည့်ပံ့ပိုးရန် တာဝန်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်၏ ကလေးသူငယ်များနှင့် စာသင်ကျောင်းများ ၊ ဘာသာရေးအဆောက်အဦးများ ကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ကလေးသူငယ်များအား တရားမဲ့စွာသတ်ဖြတ်နေခြင်းကို ပြင်းထန်စွာရှုတ်ချပြီး အဆိုပါ လုပ်ရပ်များအတွက် အဓိက တာဝန်အရှိဆုံးဖြစ်သော အကြမ်းဖက်စစ်ခေါင်းဆောင်များအပါအဝင် ကျူးလွန်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခဲ့သူများ၊ အားပေးအားမြှောက်ပြုသူများအားလုံးကို ပြည်တွင်း တရားရုံးများတွင်သာမက နိုင်ငံတကာ တရားရုံးများတွင်ပါ တရားစွဲဆိုပြီး ထိခိုက်နစ်နာခဲ့ကြရသူများအားလုံးအတွက် တရားမျှတမှု ပြန်လည်ရယူနိုင်ရေး တော်လှန်ရေးအင်အားစုများ အားလုံးနှင့်ပူးပေါင်းကာ ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

Scroll to Top