နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်)
၁။ အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်သော ဆေးကုသမှုမရရှိကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အသိပေးမှုကြောင့် သိရှိရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိပါသည်။
၂။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အထူးလိုအပ်လျက်ရှိသော ထိရောက် သည့် ဆေးကုသခွင့်မပေးခြင်းသည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း ဖြစ်ပြီး ဤကိစ္စအတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးကို အကြမ်းဖက်စစ်အုပ်စုက အပြည့်အဝ တာဝန်ယူရမည် ဖြစ်သည်။
၃။ ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာပြည်သူလူထု၏ လိုလားချက်ဖြစ်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာစွာဖြင့် အမြန်ဆုံးလွတ်မြောက်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်သော ဖိအားပေးမှုများ အဆောတလျင် ဆောင်ရွက်ကြရန် လေးနက်စွာတိုက်တွန်းအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top