ပြည်ပနိုင်ငံများတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အထူးကျေးဇူးတင် မှတ်တမ်းတင်ဂုဏ်ပြုခြင်း

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄

၁။ အဖက်ဖက်က မရှုမလှ ရှုံးနိမ့်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ သက်ဆိုးရှည်စေရေးနှင့် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်ရန် အရေးတကြီးလိုအပ် နေသော နိုင်ငံခြားငွေ ဖြည့်ဆည်းနိုင်ရန်အတွက် ယင်း၏အမည်ခံ အလုပ်သမားဝန်ကြီးဌာန၊ စစ်ကောင်စီဗဟိုဘဏ်၊ စစ်ကောင်စီထောက်တိုင်ဘဏ်များပူးပေါင်း၍ ပြည်ပရောက် ရွှေ့ပြောင်း အလုပ်သမားများ၏ သမ္မာအာဇီဝချွေးနှဲစာအား အတင်းအဓမ္မ ခေါင်းပုံဖြတ်ရယူရန် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၂။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် ၃၀-၈-၂၀၂၃ ရက်စွဲဖြင့် ညွှန်ကြားစာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေအဖြစ် အခြေခံ လစာ၏ အနည်းဆုံး ၂၅ % ကို လစဉ် သို့မဟုတ် သုံးလလျှင် တစ်ကြိမ် ၎င်းတို့ သတ်မှတ် ထားသော ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများမှတဆင့် လွှဲပို့ကြရန် ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများကို ဖိအားပေးညွှန်ကြားခဲ့ကြောင်း တွေ့ရှိရသည်။

၃။ သို့ပါသော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် တရားဝင်မှု အလျဉ်းမရှိ သော အကြမ်းဖက်စစ်ကောင်စီ၏ အမိန့်အာဏာဟူသမျှကို တော်လှန်လိုစိတ်ပြင်းပြစွာဖြင့် ဆန့်ကျင်အန်တုခဲ့ကြသည့်အတွက် ယခုအခါ ပြည်ပနိုင်ငံများတွင် ရောက်ရှိအလုပ်လုပ်ကိုင် နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်လွှဲပို့ငွေ များသည် ယခင်ကထက် ၁၀ ပုံ ၁ ပုံခန့်သာ အကြမ်းဖက်စစ်ကောင်စီထံသို့ ရောက်ရှိတော့ ကြောင်း လေ့လာသိရှိရသည်။

၄။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ စိတ်အားထက်သန်စွာ အာဏာဖီဆန်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီအတွက် နိုင်ငံခြားငွေရရှိမှု သိသာစွာလျော့နည်းခဲ့ပြီး အကြမ်းဖက် လုပ်ရပ်များ ဆက်လက်ကျူးလွန်နိုင်ရန် အကြပ်အတည်းဆိုက်ရောက်စေခဲ့ပါသည်။ ယခုကဲ့သို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မိမိတို့ ကျရာနိုင်ရာအခန်းကဏ္ဍက အကြမ်းဖက် စစ်ကောင်စီထံ လွှဲပို့ငွေများ မရောက်ရှိစေရန် အချိန်ကိုက်ဆောင်ရွက်ခြင်းသည် ဘဏ္ဍာရေး တိုက်စစ်တွင် တတပ်တအားပါဝင်ခြင်းဖြစ်ပါ၍ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံအသီးသီးသို့ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အထူးကျေးဇူးတင် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။

National Unity Government

Scroll to Top