(၂၀၂၅ ခုနှစ်၊ ဇွန်လ (၇) ရက်)
ဤမင်္ဂလာရှိသော Eid-al-Adha အခါသမယတွင် မြန်မာပြည်ဖွားအစ္စလာမ်ဘာသာဝင် ပြည်သူများနှင့် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ၊ ကျန်းမာ၊ ဘေးကင်းကြပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။ မြင့်မြတ်သောဤနေ့သည် ပေးဆပ်ခြင်း၊ ခိုင်မာသောယုံကြည်မှု၊ ကရုဏာနှင့် ရက်ရောမှုတို့၏ တန်ဖိုးများ ခိုင်မာစွာထင်ဟပ် ပြသနေပြီး အစ္စလာမ်ဘာသာဝင်များအနေဖြင့် နှစ်စဉ် ကုရ်ဘာနီ အီးဒ်ပွဲတော်နေ့၌ ဝတ်ပြုဆုတောင်းခြင်း၊ ကောင်းမှု ကုသိုလ်များ ပွားများခြင်းနှင့် ဆင်းရဲနွမ်းပါးသူများအတွက် အစားအစာများ ဝေငှလှူဒါန်း ခြင်းအားဖြင့် ဤနေ့ထူးနေ့မြတ်ကို ပျော်ရွှင်စွာ ဆင်နွှဲဖြတ်သန်းကြပါသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်အာဏာရှင်နှင့် အပေါင်းအပါများသည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဘာသာလူမျိုး မခွဲခြားဘဲ ၎င်းတို့ကိုဆန့်ကျင်သည့် ပြည်သူအများအပြား၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးပြီး အတင်းအဓမ္မ ဖမ်းဆီးနှိပ်စက် အကျဉ်းချခြင်းများကို ဆက်လက်လုပ်ဆောင်လျက် ရှိနေပါသည်။ထို့ကြောင့် ပြည်ထောင်စုဖွား မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ဝင်များ အားလုံးက အကြမ်းဖက်စစ်အာဏာရှင်စနစ်အား မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားနိုင်မှသာ ငြိမ်းချမ်းသာယာဝပြောပြီး တန်းတူညီမျှခြင်း၊ အပြန်အလှန် လေးစား အသိအမှတ်ပြုခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံသစ်ကို ထူထောင်နိုင်မည်ဟု နားလည်လက်ခံထားပြီးဖြစ်ပါသည်။
ယခုဆင်နွှဲနေသည့် ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများနှင့် တန်းတူ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်များလည်း တက်ကြွစွာပါဝင်၍ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်လျက်ရှိပါသည်။ နွေဦးတော်လှန်ရေးအတွင်း ကျဆုံး သွားခဲ့ရသည့် အစ္စလာမ်ဘာသာဝင် ရဲဘော်ရဲဘက်များ၏ ရဲစွမ်းသတ္တိပြည့်ဝစွာ စွန့်လွှတ် အနစ်နာခံပေးဆပ်မှုများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အလေးအမြတ်ပြု မှတ်တမ်းတင်ထားလျက်ရှိပါသည်။
စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ကာ၊ တန်းတူအခွင့်အရေးများရရှိသည့် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရက မဟာမိတ်တိုင်းရင်းသားတော်လှန် ရေးတပ်ဖွဲ့များအားလုံးနှင့်အတူတကွ လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကတိပြုပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဤကုရ် ဘာနီ ပူဇော်သောနေ့ဖြစ်သည့် “Eid-al-Adha” နေ့တွင် မြန်မာပြည်တွင်း၊ပြည်ပရောက်ရှိနေ ထိုင်သော အစ္စလာမ်ဘာသာဝင်ပြည်သူများသာမက ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များ အားလုံး ကျန်းမာပျော်ရွှင်ပြီး ဘေးကင်းကြပါစေကြောင်း နွေးထွေးစွာ ဆုမွန်ကောင်းပို့သလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
National Unity Government