၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် နိုင်ငံရေး၊ စစ်ရေး၊ သံတမန် ရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး၊ လူထုဆက်ဆံရေး စသည်ဖြင့် တော်လှန်စစ်မျက်နှာပေါင်းစုံမှ တိုက်ပွဲဝင်လျက်ရှိရာ မိမိတို့ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ကဏ္ဍ တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ (ILO) အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
ILO ၏ ဖွဲ့စည်းပုံစည်းမျဉ်းအရ အလုပ်သမားဝန်ကြီးဌာနဦးဆောင်သော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်အဖွဲ့ကို ဖွဲ့စည်း၍ ILO ယန္တရားမှတဆင့် အကြမ်းဖက်စစ်အုပ်စုအား အပြစ်ပေးအရေးယူရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရအား တရားဝင်အစိုးရအဖြစ် ILO မှ စတင် အသိအမှတ်ပြုမှု ရရှိရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သုံးပွင့်ဆိုင်အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှု ရလဒ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ(113th ILC)၏ ဇွန်လ ၅ ရက်နေ့ စုံညီအစည်းအဝေးတွင် အကြမ်းဖက် စစ်အုပ်စုအား ILO Constitution, Article 33 အရ ပြင်းထန်ထိရောက်စွာသော အရေးယူမှု ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ စစ်တပ်က အာဏာလုယူပြီးချိန်ကစ၍ အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အထူးသဖြင့် ILO ၏ အခြေခံ ပြဋ္ဌာန်းချက်များဖြစ်သည့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၈၇) နှင့် အဓမ္မအလုပ်ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၂၉) တို့ကို စစ်အုပ်စုက ကျူးလွန် ချိုးဖောက်နေကြောင်း ပေါ်လွင်ထင်ရှားသည့်အတွက် ညီလာခံအတွင်း ILO အဖွဲ့ဝင်နိုင်ငံများ အကြား မဲခွဲဆုံးဖြတ်ရန် မလိုအပ်ဘဲ တညီတညွတ်တည်း အတည်ပြုချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ အကြမ်းဖက်စစ်အုပ်စုအား ILO Constitution, Article 33 ကို ကျင့်သုံး၍ အရေးယူမှု ဆုံးဖြတ်ချက်ရရှိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဦးဆောင် သည့် သုံးပွင့်ဆိုင်အဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်၊ ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာညီလာခံ (109th ILC) သို့ စစ်အုပ်စု၏ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များအား အသိအမှတ် မပြုရေးနှင့် ညီလာခံတက်ရောက်ခွင့် မရရေး၊ အဆိုပါ ညီလာခံဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနှင့် အခြေခံအခွင့်အရေးများ လေးစားလိုက်နာ ရန် ဟူသည့် အရေးကြီးဆုံးဖြတ်ချက် ပါဝင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ စစ်အုပ်စု၏ အခြေခံ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက် ချေမှုန်းမှုများကို ခိုင်မာစွာ တင်ပြနိုင်ခဲ့မှု များကြောင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ILO က စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry - COI) တစ်ရပ် ပေါ်ပေါက်လာရန် တွန်းအားပေးနိုင်ခဲ့ခြင်း၊ COI ၏ လုပ်ငန်းစဉ်များတွင် သုံးပွင့်ဆိုင်အဖွဲ့အနေဖြင့် CDM ဝန်ထမ်းများအပါအဝင် အလုပ်သမားထုတစ်ရပ်လုံးအပေါ် အခြေခံ အခွင့်အရေးချိုးဖောက်ခံရမှု အထောက်အထားများ ပြည့်စုံစွာ ရရှိအောင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ ခြင်းတို့ကြောင့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် စစ်အုပ်စုက ချက်ချင်းလိုက်နာဆောင်ရွက်ရမည့် တိုက်တွန်းချက်များပါဝင်သော COI ၏ အစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့ပါသည်။ စစ်အုပ်စုအနေဖြင့် အဆိုပါ တိုက်တွန်းချက်များကို မလိုက်နာသည့်အပြင် ပိုမိုဆိုးဝါးသော ချိုးဖောက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သက်သေအထောက်အထားအချက်အလက်များ၊ အထူးသဖြင့် စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းမှု၊ အရပ်သားပြည်သူအပေါ် နေ့စဉ် ဗုံးကြဲသတ်ဖြတ်မှု၊ ဖမ်းဆီး သတ်ဖြတ်မှု သက်သေအထောက်အထားများကို သုံးပွင့်ဆိုင်အဖွဲ့အနေဖြင့် ILO ထံ စဉ်ဆက်မပြတ် အစီရင်ခံတင်ပြခဲ့ပါသည်။ အဆိုပါ သက်သေအချက်အလက်များသည် စစ်အုပ်စုအား အရေးယူရေး ဆုံးဖြတ်ချက် ချမှတ်ရာတွင် များစွာအထောက်အကူဖြစ်စေခဲ့ပါသည်။
ILO က Article 33 အရ အရေးယူမှုဆုံးဖြတ်ချက် (Resolution) တွင် အဓိကအားဖြင့် ILO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီနှင့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည် သုံးသပ်ရန်၊ ပြည်သူအပေါ် အခြေခံအခွင့်အရေးချိုးဖောက်မှုနှင့် ဖိနှိပ်အကြမ်းဖက်မှုဖြစ်စေမည့် စစ်ကောင်စီထံ လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်း၊ ငွေကြေးစီးဆင်မှုများ မပြုလုပ်ရန် စသည်ဖြင့် စစ်အုပ်စုအပေါ် တိုက်ရိုက်ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများ ပါဝင်ပါသည်။ ဤဆုံးဖြတ် ချက်သည် မိမိတို့ ဝန်ကြီးဌာနက ဦးတည်ဆောင်ရွက်နေသည့် နိုင်ငံရေးနှင့် ဘဏ္ဍာရေး စစ်မျက်နှာ တွင် အကြမ်းဖက်စစ်အုပ်စုအား များစွာ ထိခိုက်စေမည်ဖြစ်ပြီး တနည်းအားဖြင့် စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် များစွာအကျိုးသက်ရောက်စေမည်ဖြစ်သည်။ ထို့ကြောင့် ILO က Article 33 အရ အရေးယူရေး ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းသည် ပြည်သူတို့၏ အောင်ပွဲ တစ်ရပ် ဖြစ်သည်။
Article 33 အရ အရေးယူမှုဆုံးဖြတ်ချက် ချမှတ်နိုင်ရန် မိမိတို့ ဝန်ကြီးဌာနနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်အဖွဲ့ဝင် မြန်မာနိုင်ငံအလုပ် သမားတပ်ပေါင်းစု (Myanmar Labour Alliance – MLA) ၊ မြန်မာနိုင်ငံ အလုပ်ရှင်များအဖွဲ့ (Myanmar Employers Organization – MEO) ၊ မြန်မာနိုင်ငံ လုပ်ငန်းရှင်များ အဖွဲ့ချုပ် (Myanmar Employers Federation – MEF) ၊ စစ်အုပ်စု၏ အခွင့်အရေး ချိုးဖောက်ကျူးလွန်မှု အထောက်အထားအချက်အလက်များ ကောက်ယူစုစည်းပေးပို့ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးသည့် အဝေးရောက် ဧရာဝတီအသင်း (Overseas Irrawaddy Association – OIA)၊ Mondiaal FNV ၊ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များ ညီလာခံသို့ တက်ရောက်နိုင်ရေးအပါအဝင် အဘက်ဘက်မှ ပံ့ပိုးကူညီပေးသည့်International Trade Union Confederation - ITUC, International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association – IUF ၊ Building and Wood Workers’ International – BWI နှင့် နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များ၊ အလုပ်ရှင်အဖွဲ့အစည်းများနှင့် မဲခွဲဆုံးဖြတ်ရန်ပင် မလိုအပ် အောင် မတရားမှုကို တော်လှန်ရာတွင် မြန်မာပြည်သူများနှင့် တသားတည်း ရပ်တည်ပေးခဲ့သော ILO အဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများကို မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါသည်။ ပူးပေါင်းဆောင်ရွက်မှုများအတွက် များစွာဝမ်းမြောက် ဂုဏ်ယူပါသည်။
ဆက်လက်၍ ဆုံးဖြတ်ချက်နှင့်အညီ အကြမ်းဖက်စစ်အုပ်စုအား လက်တွေ့ကျပြီး ထိရောက်သည့် အရေးယူမှုများ ဆက်လက်လုပ်ဆောင်ရာတွင်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့အား ILO က တရားဝင် အသိအမှတ်ပြုမှု ရရှိရေး ကြိုးပမ်း ဆောင် ရွက်မှုများတွင်လည်းကောင်း မဆုတ်မနစ် ဆက်လက်ပူးပေါင်းဆောင်ရွက်စေလိုကြောင်း တိုက် တွန်းအပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန