ငလျင်ဒဏ်နှင့် သင့်ကျန်းမာရေး (မတ်လ၊ ၂၀၂၅ ခုနှစ်)
ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရခြင်းနှင့် အသက်ဆုံးရှုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ ပြိုကျ၊ ပြုတ်ကျသော ပစ္စည်းများနှင့် ထိခိုက်မိခြင်းကြောင့်ဖြစ်သည်။ ငလျင်လှုပ်နေချိန်အတွင်း ခိုင်ခံ့မှုအားနည်းသော အဆောက်အအုံများ၊ နေအိမ်များအတွင် နေထိုင်သူများသည် ထိခိုက်ခံစားရနိုင်ခြေ မြင့်မားသူများဖြစ်သည်။ အဖြစ်များသော ထိခိုက်ဒဏ်ရာများမှာ အရိုးကျိုးခြင်းများ၊ အရာဝတ္ထုများ ပိမိခြင်းကြောင့် ဖြစ်သောဒဏ်ရာများ၊ ချွန်ထက်သော ပစ္စည်းများကြောင့်ဖြစ်သည့် ဖောက်ဝင်ဒဏ်ရာများ၊ အရေပြားပွန်းပဲ့ ထိခိုက်ပြတ်ရှဒဏ်ရာများ၊ မီးလောင်ဒဏ်ရာများ၊ ဦးခေါင်းထိခိုက်မိသောကြောင့် ဦးနှောက်ကို ထိခိုက်စေသည့် ဒဏ်ရာများ စသည်တို့ဖြစ်သည်။ ငလျင်ကြောင့်နောက်ဆက်တွဲဖြစ်ပေါ်သော ရေကြီးရေလျှံမှုများကြောင့် ရေနစ်ခြင်းများ၊ ရေထဲတွင် အချိန်ကြာမြင့်စွာနေရသောကြောင့် ကိုယ်အပူချိန်ကျခြင်းများ၊ အဆိပ်အတောက်ပစ္စည်းများ၊ အမှုန်အမွှားများ၊ စွန့်ပစ်ပစ္စည်းများ စသည်တို့နှင့် ထိတွေ့နိုင်သောကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း သတိပြုရပါမည်။
ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများသည် နောက်ဆက်တွဲအနာပိုးဝင်ခြင်းကို ဂရုပြုရမည်။ ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း၊ အညစ်အကြေးများ၊ စွန့်ပစ်ပစ္စည်းများ၊ ရောဂါပိုး ပါဝင်သော ရေ၊ အမှုန်အမွှားတို့နှင့် ထိတွေ့ရခြင်းကြောင့် အနာပိုးဝင်နိုင်သည်။ အနာပိုးဝင်ခြင်းမှ အနာမကျက်ခြင်း၊ သွေးဆိပ်တက်ခြင်း (Sepsis)၊ ခြေလက်များဖြတ်တောက်ရခြင်းတို့ ဖြစ်စေနိုင်သည်။ အနာပိုးဝင်ခြင်းတို့တွင် မေးခိုင်ရောဂါပိုး (Tetanus) သည် အတွေ့ရအများဆုံးဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူများသည် မေးခိုင်ရောဂါကာကွယ်ဆေးထိုးခြင်း၊ သင့်တော်သော ပိုးသတ်ဆေးနှင့် ကုသခြင်းတို့ကို လိုအပ်သည်။
ငလျင်ဒဏ်ကြောင့် ရေပေးဝေမှုစနစ်များ ပျက်စီးခြင်း၊ သန့်ရှင်းသော သောက်သုံးရေမရခြင်း၊ ရေအရင်းအမြစ်များ ထိခိုက်ခြင်းတို့ကြောင့် ကူးစက်ရောဂါများဖြစ်ပွားနိုင်သည်။ ရေမှတစ်ဆင့် ကူးစက်သော ကာလဝမ်းရောဂါ (Cholera)၊ အသည်းရောင်အသားဝါ အေ ကဲ့သို့သော ရောဂါများကို သတိပြုရမည်။ နေထိုင်စရာမလုံလောက်ခြင်းနှင့် ငလျင်ကြောင့်ရွှေ့ ပြောင်းနေထိုင်ရခြင်းတို့ကြောင့် လူနေထူထပ်ကာ လေမှတစ်ဆင့်ကူးစက်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ (COVID-19၊ တုပ်ကွေး စသဖြင့်) လည်း ကူးစက်ဖြစ်ပွားနိုင်သည်။ ကာလဝမ်းရောဂါ (Cholera) စောင့်ကြပ်ကြည့်ရှု သတင်းပို့ခြင်းများ၊ ဝမ်းရောဂါကာကွယ်ဆေး (Oral Cholera Vaccine) များဖြင့် ထိခိုက်မှုကို လျှော့ချနိုင်သည်။
သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီရောဂါ စသည့် နာတာရှည်ရောဂါဝေဒနာများ ခံစားနေရရှာသူများသည်လည်း ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ခြေ များပါသည်။ ပုံမှန်ရယူနေကျဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရာနေရာများ ထိခိုက်ပျက်စီးခြင်းတို့ကြောင့် ဆေးဝါးပြတ်လပ်ခြင်းများ ကြုံတွေ့ရနိုင်သည်။ လေ့လာမှုများအရ ငလျင်ဒဏ်ခံရသော ဒေသများရှိလူများသည် ဆီးချိုရောဂါဖြစ်ပွားနှုန်း တက်လာကြောင်းတွေ့ရသည်။
ငလျင်ဒဏ်သင့်ပြီးနောက်တွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုများ၊ သန္ဓေတားနည်းလမ်းများ လုံလောက်စွာ မရခြင်းကြောင့် အစီအစဉ်မရှိသော ကိုယ်ဝန်ဆောင်များ မြင့်တက်လာခြင်း၊ ကိုယ်အလေးချိန်မပြည့်သော ကလေးမွေးနှုန်း မြင့်တက်လာခြင်း၊ အသေမွေး (Still Birth) များ မြင့်လာခြင်းတို့ ကြုံတွေ့နိုင်သည်။
အင်အားပြင်းငလျင်ဒဏ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသော ဆေးရုံဆေးခန်းများ ထိခိုက်ပျက်စီးခြင်း၊ ကျန်းမာရေးလုပ်သားများ ငလျင်ဒဏ်ခံစားရခြင်း၊ လမ်းပန်းပို့ဆောင်ရေးနှင့် အခြားအခြေခံအဆောက်အအုံများ ထိခိုက်ခြင်း၊ လူနာအမြောက်အမြားကို ကြည့်ရှုကုသရခြင်း စသည့်အချက်များသည် ကျန်းမာရေးစနစ်ကို ထိခိုက်ပြိုလဲစေသည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ယိမ်းယိုင်အားနည်းနေသော ကျန်းမာရေးစနစ်သည် ငလျင်ဒဏ်ကြောင့် ပိုမိုထိခိုက်ပျက်စီးမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များ၊ နာတာရှည်ရောဂါသည်များသည် အများဆုံးထိခိုက်ခံစားရမည့်သူများဖြစ်သည်။
ငလျင်ဒဏ်ကို ကြုံတွေ့ခံစားရသော သူများသည် စိုးရိမ်ပူပန်ခြင်း၊ စိတ်ခံစားမှု အတက်အကျဖြစ်ခြင်း၊ အိပ်မပျော်ခြင်းများ ခံစားရနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် စိတ်ကျရောဂါနှင့် ပြင်းထန်စိတ်ဖိစီးမှု ဒဏ်သင့်ရောဂါ (PTSD) များ ခံစားရနိုင်ခြေရှိပါသည်။
ငလျင်ကြောင့် နေအိမ်အဆောက်အအုံများ ပြိုကျပျက်စီးသည့်အတွက် ယာယီနေရာများတွင် နေထိုင်ရသူများသည် မသန့်ရှင်းသော ရောဂါပိုးများ ထိတွေ့နေသည့် ရေများ၊ အမှုန်အမွှားများ၊ ဓာတုပစ္စည်းများနှင့် ထိတွေ့နိုင်ပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည်။ ရွှေ့ပြောင်းနေထိုင်စဉ်အတွင်း နေထိုင်မှုပုံစံပြောင်းလဲမှုများ (အစားအသောက်ပုံစံ၊ အိပ်စက်ခြင်းပုံစံ၊ ဆေးလိပ်နှင့် အရက်များ ပိုမိုသောက်သုံးခြင်း) စသည်တို့ကြောင့် နောက်ဆက်တွဲ နာတာရှည်ရောဂါများ ပိုမိုဖြစ်ပွားနိုင်သည်။
ငလျင်ကြောင့် ကျွဲ၊ နွား စသော လုပ်ငန်းသုံးတိရစ္ဆာန်များ၊ မွေးမြူရေးတိရစ္ဆာန်များ ထိခိုက်သေဆုံးရပြီး ကုသမှုများ မလုံလောက်သောကြောင့် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တက်သော ရောဂါများဖြစ်ပွားနိုင်ခြေ များလာနိုင်ပါသည်။ စိုက်ပျိုးမြေများ ထိခိုက်ပျက်စီးခြင်း၊ ရေအရင်းအမြစ်များ မသန့်ရှင်းသောကြောင့် အစားအစာနှင့် ရေ ရှားပါးပြတ်လပ်ခြင်းများ ကြုံတွေ့ရနိုင်သည်။ ထိုမှတစ်ဆင့် အစာနှင့် ရေတို့မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားလာနိုင်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

References:
(1) https://deohs. washington. edu/edge/sites/deohs.washington.edu.edge/files/2023-09/Earthquake%20fact%20sheet%20JH%20VB%20EDITS.pdf
(2) https://reliefweb. int/report/syrian-arab-republic/syrian-arab-republic-humanitarian-country-team-hct-coordinated-response-flash-update-4-earthquake-09-february-2023?_gl=1*1ec6vkc*_ga*NDUzODA5ODYuMTY3NTk2NzQ2MQ..*_ga_E60ZNX2F68*MTY3NTk2NzQ2MS4xLjEuMTY3NTk2ODQxNS40Mi4wLjA.
