ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ဇူလိုင်လ(၂၃)ရက်နေ့ က ကျင်းပပြုလုပ်သည့် “Challenges and Prospects of Justice, Democracy and Peace in Myanmar” ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပြီး Landscape Human Rights in Myanmar and Challenges in Asia ခေါင်းစဉ်ဖြင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်း၍ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ် မှစတင်ပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုမိုဆိုးရွားလာသည့် အခြေအနေများ၊ အကြမ်းဖက်မှုများအပြင် လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ သိသိသာသာ ဖြစ်ပေါ်နေသည့် အကြောင်းများကို တင်ပြခဲ့သည်။
ထို့ပြင် မြန်မာပြည်သူများ၏ အကြမ်းဖက်စစ်အုပ်စုအပေါ် ကြံ့ကြံ့ခံတွန်းလှန်နေသည့် အခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ အကြမ်းဖက်စစ်အုပ်စုအပေါ် ဟန်ချက်ညီညီ တွန်းလှန်နေမှုများကြောင့် အကြမ်းဖက်စစ်အုပ်စု ၏ နယ်မြေစိုးမိုးမှုများ ဆုံးရှုံးလျက်ရှိကာ စိတ်ဓာတ်ရေးရာ အင်အားချိနဲ့မှုများလည်း ဖြစ်ပေါ်နေကြောင်းကို ဆွေးနွေးခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတကာသို့လည်း အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်မှုများသည် နိုင်ငံတကာစစ်ရာဇဝတ်မှုမြောက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်ကြောင်း တင်ပြဆွေးနွေးမှုများ ပြုလုပ်ရှိလျက်ကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။
အာဆီယံ အနေဖြင့်လည်း မြန်မာ့အရေးကို ချဉ်းကပ်ရာတွင် ချမှတ်ထားသည့် ဘုံ သဘော တူညီချက် (၅)ရပ် အပေါ် အကြမ်းဖက်စစ်အုပ်စုက လိုက်နာမှု မရှိနေကြောင်းကို သတိချပ်ပြီး ဘုံသဘောတူညီချက်(၅)ချက် ထက် ပိုမိုထိရောက်သည့် ဖြေရှင်းနည်းများကို ဆောင်ရွက်သင့် ကြောင်း၊ အာဆီယံအနေဖြင့် ဒေသတွင်း အစည်းအဝေးများတွင် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်များကို တက်ရောက်ခွင့်မပြုသော်လည်း ၎င်းတို့၏ကိုယ်စားလှယ်များကို တက်ရောက်ခွင့်ပြုနေခြင်းအား ခွင့်မပြုသင့်ကြောင်း၊ အာဆီယံ အနေဖြင့် မြန်မာ့အရေးကိုချဉ်းကပ် ရန်အတွက် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး Agenda သီးသန့်ဖြင့် ဆောင်ရွက်သင့်ကြောင်း၊ အာဆီယံ အလှည့်ကျ ဥက္ကဌ အဖြစ် မကြာမီ တာဝန်ယူ ဆောင်ရွက်မည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ထိရောက်သော ဖြေရှင်းနည်းများ ချဉ်းကပ်နိုင်ရန် အရပ်ဖက်အဖွဲ့အစည်းများ အနေဖြင့်လည်း တိုက်တွန်းဆောင်ရွက်မှုများ ပြုလုပ်ပေးရန်၊ မြန်မာ့အရေးသည် ပြည်တွင်းရေးပဋိပက္ခ သာမက နယ်စပ်ဖြတ်ကျော် မှုခင်းများ အပါအဝင် ASEAN Charter ၏ အရေးကြီး အစိတ်အပိုင်းဖြစ်သည့် ဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုများကိုပါ သက်ရောက်မှုရှိနေသော အနေအထား ဖြစ်သဖြင့် အာဆီယံ အနေဖြင့် မြန်မာ့အရေးကို အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း စသည့် အချက်များကို တောင်းဆိုခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဖိလစ်ပိုင်အရပ် ဖက်အဖွဲ့အစည်းများ ကလည်း ဖိလစ်ပိုင် အစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုရေး အပါအဝင် မြန်မာ ပြည်သူများအပေါ် ထိရောက်သည့်အကူအညီများ ပေးအပ်နိုင်ရန်၊ အာဆီယံတွင် ဖိလစ်ပိုင် အစိုးရဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်ချိန်တွင် မြန်မာ့အရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးရန်၊ အာဆီယံတွင် မကြာမီက သဘောတူညီခဲ့သည့် ဥက္ကဌ အဖွဲ့ အလှည့်ကျ (၃)ဦး Trioka စနစ်အားလည်း ပိုမို အားကောင်းအောင်လုပ်ဆောင်သွားရန်၊ ဖိလစ်ပိုင် နိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်မှုများကို အရေးယူနိုင်ရေးအတွက် နိုင်ငံတကာတရား ဥပဒေခုံရုံးစနစ် (Universal Jurisdiction) စနစ်ကို အားပေးထောက်ခံရန် အစရှိသည့် အချက်များကို ဆွေးနွေးတင်ပြခဲ့ကြောင်းသိရှိရသည်။

