နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ “စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ကြဖို့” နိုင်ငံတော် ယာယီသမ္မတတိုက်တွန်း
ဧပြီ ၂၂ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရအဖွဲ့အစည်းအဝေး ၁၂/၂၀၂၅ ကို ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားရာတွင်
“မနေ့က ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကွယ်လွန်တဲ့နေ့ရက်နဲ့ ဒီနေ့ ကျွန်တော်တို့ အစိုးရအဖွဲ့အစည်းအဝေး ပြုလုပ်ကျင်းပတဲ့ ရက်က ရှေ့ဆင့်နောက်ဆင့် ဖြစ်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကွယ်လွန်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်း ပြောချင်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှုနဲ့ပက်သက်ပြီး တစ်ကမ္ဘာလုံး ရိုမန်ကက်သလစ်တွေနဲ့ ခရစ်ယာန်ဘာသာဝင် အားလုံးလည်း ဝမ်းနည်းပူဆွေးနေကြရတယ်လို့ ခံစားမိပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ကျွန်တော်တို့ နိုင်ငံကို ငြိမ်းချမ်းရေးရဖို့ အမြဲ စိတ်အားထက်သန်စွာ ထုတ်ဖော် ဆုတောင်းတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးဟာ ကက်သလစ်သာသနာ နှစ်ပေါင်း (၅၀၀) ကျော်အတွင်းမှာ၊ မြန်မာနိုင်ငံကို ပထမဆုံး ကြွရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဝတ်ပြုဆုတောင်းပွဲတွေမှာ ကမ္ဘာ့အရေးနဲ့ ယှဉ်တွဲပြီး မြန်မာနိုင်ငံအတွင်းက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေ မရှိဖို့၊ ငြိမ်းချမ်းဖို့ အမြဲ ဆုတောင်းစကားထုတ်ဖော်ပြောခဲ့သူ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ သူအသက်ရှင်သမျှကာလပတ်လုံး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိတ်အား ထက်ထက် သန်သန် ကြိုးပမ်းခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး စိတ်ထဲ မှတ်မှတ်ရရ အောက်မေ့ သတိရဖို့ ကျွန်တော့်အနေနဲ့ ဒီနေ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဝမ်းနည်းကြောင်း ထည့်သွင်းပြောကြားရတာ ဖြစ်ပါတယ်။ နောက်ဆက်ခံမယ့် ပုပ်ရဟန်း မင်းကြီးတစ်ပါးအနေနဲ့လည်း ကျွန်တော်တို့ နိုင်ငံလို မငြိမ်းချမ်းတဲ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်အားထက်သန်မှုရှိတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦး ဖြစ်ဖို့ လေးနက်စွာ မျှော်လင့်ကြောင်း ပြောကြား လိုပါတယ်။
လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံတကာကနေ မြေငလျင်လှုပ်ခတ်မှုကို အကြောင်းပြုပြီး “ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ” ပေါ်ပေါက်လာဖို့ တိုက်တွန်း နေတာတွေ အမြောက်အမြားရှိလာကြောင်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့ဆိုတဲ့ကိစ္စကို အစဉ်တစိုက် လိုလားကြောင်း ပြောကြားချင်ပါတယ်။ ဒါ့ကြောင့်လည်း မိမိတို့အစိုးရဟာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး မကြာခင်မှာ “မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှအပ၊ အပစ်အခတ်ရပ်စဲဖို့” ပထမဆုံး ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေမှာ ပြည်သူလူထုရဲ့ အဓိက လိုလားချက်တွေကို လျစ်လျှူမရှုဖို့တော့ ကျွန်တော်တို့ အားလုံး အာရုံစိုက်ကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တွန်းအားပေးနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း “စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအပေါ် ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ကြဖို့” ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ စစ်ကောင်စီအနေနဲ့လည်း မိမိကိုယ်ကို ပြန်လည် သုံးသပ်နိုင်ဖို့ လိုတာက “မြန်မာနိုင်ငံမှာ ဘယ်သို့သော စစ်အုပ်ချုပ်ရေးနဲ့မဆို တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူး” ဆိုတာ နှစ်ပေါင်း (၇၀) ကျော်ကြာ၊ ပြည်တွင်းစစ်က သက်သေပဲဆိုတာ နားလည်ဖို့ လိုပါတယ်။
ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့လည်း ကဏ္ဍအလိုက် “ဆိုင်ရာဆိုင်ရာနယ်ပယ်တွေမှာ” တာဝန်ယူ ထားကြတဲ့ အစိုးရအဖွဲ့ဝင်တွေဟာ တော်လှန်ရေးတာဝန်တွေနဲ့ နိုင်ငံရေးတာဝန်တွေကိုပါ ထိထိရောက်ရောက် ကျေပွန်နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ဝင် အချင်းချင်း အပြန်လှန် ဝေမျှဖို့၊ အပြန်အလှန် အထောက်အကူပြုကြဖို့နဲ့ လက်တွေ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေမှာ ထိရောက်ဖို့၊ မြန်ဆန်ဖို့၊ အမြော်အမြင်ရှိရှိ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ အခုဆိုရင် တော်လှန်ရေး အင်အားစုတွေအနေနဲ့ တော်လှန်ရေးရှေ့ခရီးကို နိုင်ငံရေးအရ ချဥ်းကပ်ပုံတွေက အလုံးစုံမတူညီနေကြတာကို အားလုံးလည်း သတိထားမိမယ်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ တချို့သောမဟာမိတ်တော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်ရေးဖိအားပေး နိုင်အောင် ကြိုးပမ်းရင်း နိုင်ငံရေးအရ အင်ပြည့်အားပြည့် တစုတစည်းတည်း အင်အားကောင်း ကောင်းနဲ့ သွားနိုင်ဖို့ စဥ်းစားကြတာရှိသလို တချို့မဟာမိတ် အင်အားစုတွေကလည်း အနာဂတ်ဖက်ဒရယ်အရေး ပိုမိုအားစိုက်ရင်း နိုင်ငံတကာအခြေအနေတွေ၊ ရှုထောင့်တွေကို ပိုမို ထည့်သွင်းစဥ်းစားပြီး သွားချင်ကြသူတွေလည်း ရှိပါတယ်။ နိုင်ငံတကာရဲ့ ဖိအား ကလည်း ငလျင်ကို အကြောင်းပြုပြီး ပိုမိုများလာနိုင်ဖွယ် ရှိပါတယ်။ အခုဆိုရင် အာဆီယံဘက်ကတော့ အင်တိုက်အားတိုက် စီမံဆောင်ရွက်လာတဲ့ အခြေအနေတွေကိုတော့ အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ နောက်ထပ်လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတကာရဲ့ အခင်းအကျင်းတွေကိုလည်း ကျွန်တော်တို့ဘက်က ကြိုတင်တွက်ဆထားဖို့နဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။” ဟု ပြောကြားသည်။
ဆက်လက်ပြီး “အင်အား ပြင်းငလျင်ဖြစ် ပေါ်ခဲ့မှုကြောင့် ကျွန်တော်တို့အနေနဲ့ ငလျင် ဒဏ်ခံရတဲ့ နေရာဒေသတွေမှာ ထိုးစစ်တွေရပ်ဖို့ ကြေညာခဲ့ပေမယ့် တဘက်က အကြမ်းဖက်စစ်အုပ်စု ကတော့ ဒီရက်ပိုင်း တွေမှာ ပြည်သူတွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမို ပြင်းထန်စွာ လုပ်လာတာကို စိတ်ပျက်ဖွယ်တွေ့ရပါတယ်။ ရန်သူကတော့ ရန်သူပီသတာထက်ကို ပိုပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ပြင်ဆင်မှုတွေကို လစ်ဟင်းခြင်းမရှိပဲ အကန့်အသတ်ဖြစ်လာတဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချရင်း စီမံကြဖို့ လိုအပ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။
ထို့အပြင် အစိုးရအဖွဲ့ဝင်များအနေဖြင့် အားစိုက်ရမယ့် အလုပ်တာဝန်တွေ များပြား လွန်းတာမို့ အချိန်တွေ၊ လူတွေကို သေချာစွာ စီမံခန့်ခွဲပြီး တော်လှန်ရေးရှေ့ခရီးကို ကျန်းမာဘေးကင်းစွာ ဆက်လျှောက် နိုင်ကြစေရေးအတွက်လည်း ဆုမွန်ကောင်းတောင်း ပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က စစ်ကိုင်းငလျင်ဘေးနဲ့ ပတ်သက်သည့် တုန့်ပြန်ဆောင်ရွက်ထားမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာသည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။