အမျိုးသားညီညွတ်ရေးအစိုးရ ၉/၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

ရန်သူဟာ ရန်သူပီပီသသ အလုပ်လုပ်နေတာမို့ တော်လှန်ရေးအင်အားစုတွေက စုစုစည်းစည်း တက်ညီ လက်ညီနဲ့ ဒီအခြေအနေတွေကို ကျော်လွှားနိုင်အောင်လုပ်ဖို့လည်း အရေးတကြီး လိုအပ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
မတ် ၂၅ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ ကြသည်။
ယာယီသမ္မတ ဒူဝါလရှီးလက “ကျွန်တော်တို့အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း နွေဦး တော်လှန်ရေးဟာ လူထုတော်လှန်ရေးတစ်ရပ်ဖြစ်ပါတယ်။ လူထုတော်လှန်ရေးဖြစ်တာကြောင့် လူထုရဲ့ ယုံကြည်သက်ဝင်မှုဟာ အင်မတန် အရေးကြီးတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယဲ။ လူထုရဲ့ ထောက်ခံမှုနဲ့ တော်လှန်ရေးအောင်မြင်မှုဟာ တိုက်ရိုက် အချိုးကျပါတယ်။ တော်လှန်ရေး အောင်မြင် ခြင်း/ မအောင်မြင်ခြင်းဆိုတာကလည်း ကျွန်တော်တို့လို ဦးဆောင်ဦးရွက်ပြုနေသူတွေရဲ့ အရည် အချင်းနဲ့ စွမ်းရည်တွေ၊ အမြော်အမြင်တွေအပေါ်မှာ မူတည်နေတာတွေ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ လူထုထောက်ခံယုံကြည်မှုကို ကျွန်တော်တို့ရဲ့ လုပ်ရပ်နဲ့သာ သက်သေပြရမှာ ဖြစ်ပါတယ်။” အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါသည်။
ဒါ့အပြင် “အခုဆိုရင် ကာကွယ်ရေးဝန်ကြီးနဲ့ အခြားဝန်ကြီးတွေဟာ မြေပြင်မှာ လူထုနဲ့ တစ်သားတည်း ဦးဆောင်နေတာဖြစ်ပါတယ်။ အဲသည့်လို တွေ့မြင်ရလို့လည်း ကျွန်တော့်အနေနဲ့ လေးစား ဂုဏ်ယူမိပါတယ်။ ဒီလို ကျနော်တို့ အင်အားတွေ မြေပြင်မှာ ပိုမိုအခြေပြု လာနိုင်တာကို ပြည်သူလူထုက တွေ့မြင်နေရင် ပိုမိုအားတက်လာကြမှာ အမှန်ဖြစ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ကျွန်တော်တို့ စုဖွဲ့မှု အားကောင်းလာလေလေ ကျွန်တော်တို့ NUG အပေါ် အားတက်ယုံကြည်မှုတွေ ပိုမိုတိုးလာမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာဆိုရင် မြေပြင်မှာ ကျွန်တော်တို့ရဲ့ သွားလာလှုပ်ရှားနိုင်မှု တွေဟာ သုံးလေးငါးရက် ခရီးသွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ နယ်မြေတွေ ကျယ်ဝန်းလာပြီဖြစ်ပါတယ်။ လက်တွေ့မြေပြင်မှာလည်း ရန်သူက တိုးမပေါက်နိုင် လောက်အောင် ခုခံကာကွယ်နိုင်တဲ့အထိ အခြေအနေတွေ ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှာ မြေပြင်ပေါ် လက်တွေ့ အင်အားတွေ တည်ဆောက်နိုင်ခြင်းဟာ အဓိက အခရာဆိုတာ မေ့ထားလို့ မရပါဘူး။ ကျွန်တော် တို့ဟာ အပင်ပန်းခံရဲရမယ်၊ အဆင်းရဲခံနိုင်ရမယ်၊ ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာဟာ ကျဉ်းထဲကျပ်ထဲမှာ “ထုသားပေသား” ကျအောင်၊ မာကြောနေရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ကြာ အမြစ်တွယ် နေတဲ့ စစ်အာဏာရှင်စနစ်တစ်ခုလုံးကို ချေမှုန်းသုတ်သင်နိုင်ဖို့ ဆိုတာမှာ၊ တော်ရုံ ဇွဲသတ္တိနဲ့ မရသလို၊ တော်ရုံ အားထုတ်မှုမျိုးနဲ့လည်း မရနိုင်ဘူး “ လို့လည်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီလတွေမှာ အရပ်သားပစ်မှတ်တွေဖြစ်တဲ့ ဘုန်းကြီး ကျောင်းတွေ၊ ဆေးရုံတွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို များပြားလာပြီး အပြစ်မဲ့ကလေး ငယ်တွေအပါအဝင် သံဃာတော်တွေ၊ ပြည်သူတွေ သေကြေပျက်စီးကြတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ကြားနေရတာ အလွန်ပဲ စိတ်ထိခိုက်ရပါတယ်။ ရန်သူဟာ ရန်သူပီပီသသ အလုပ် လုပ်နေတာမို့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက စုစုစည်းစည်း တက်ညီလက်ညီနဲ့ ဒီအခြေ အနေတွေကို ကျော်လွှားနိုင်အောင် လုပ်ဖို့လည်း အရေးတကြီး လိုအပ်နေပြီဆိုတာကို နားလည် သဘောပေါက်ကြဖို့လိုမှာ ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း အင်အားကြီးနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး အလှုပ်အခတ်တွေကလည်း ကျွန်တော်တို့တော်လှန်ရေးအပေါ် သက်ရောက်မှုတွေ ရှိနေပြန် တာဖြစ်ပါတယ်။ အခုဆိုရင် US ရဲ့ ထောက်ပံ့မှုတွေ ရပ်တန့်လိုက်တာကြောင့် တချို့သော မီဒီယာကြီးတွေ ရပ်ဆိုင်းလိုက်ရတယ်လို့ ကြားသိရပါတယ်။ ဒါ‌ဟာ သတင်းမီဒီယာ ကဏ္ဍအတွက် အတော်လေး ထိခိုက်မှု ရှိသွားပြီး ကျွန်တော်တို့ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့် တွေအ‌ပေါ်လည်း အများကြီး ထိခိုက်သွားတာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ သတင်းဌာန တွေကနေ အကျိုးရှိတဲ့ သတင်းအချက်အလက်တွေ အချိန်နဲ့ တပြေးညီ မှန်မှန်ကန်ကန် မရရှိတော့ခြင်းဟာ ကျွန်တော်တို့လို တော်လှန်ရေးဆင်နွှဲနေတဲ့ နိုင်ငံငယ်တွေအဖို့ တစ်ဘက်မှာ အာဏာရှင်တွေရဲ့ အကြိုက်ဖြစ်သွားစေတာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ အခက်အခဲတွေ ကြားက ရုန်းကန်တောင့်ခံပြီး ပြည်တွေအတွက် သတင်းအချက်အလက်မှန်တွေ အချိန်နဲ့တပြေးညီ တင်ပြပေးနေတဲ့ ပြည်သူ့ဘက်တော်သား သတင်းမီဒီယာများကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားရင်း အားပေးလိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထားရပ်တည်ချက်ထဲမှာ ပြောထားတဲ့အတိုင်း ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာတွေ အပါအဝင် လွတ်လပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သတင်း မီဒီယာများ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး ဆက်လက်အားပေးထောက်ခံသွားရမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုတွေနဲ့ တော်လှန်ရေးအခြေအနေတွေကို ပြည်သူတွေ ပိုမိုပြီး သိရှိနိုင်ဖို့အတွက် သတင်းမီဒီယာတွေနဲ့ ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်” လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း “ ဒီရက်တွေထဲမှာ ကျွန်တော်တို့အစိုးရအနေနဲ့ အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍနဲ့ ပတ်သက်ပြီး ပိုမိုအားစိုက်မှုတွေပြုလုပ်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အနေအထား တစ်ခုကို ရောက်လာပြီဖြစ်တာကြောင့် တချို့တိုင်းဒေသတွေ၊ ဖက်ဒရယ်ယူနစ်တွေအနေနဲ့ တိုင်းဒေသအစိုးရ (သို့) ဖက်ဒရယ်ယူနစ်အစိုးရတွေ ပေါ်ပေါက်လာနိုင်ရေးအတွက် အားစိုက်ပြင်ဆင်နေကြတာတွေ ရှိပါတယ်။ ဒီလိုအုပ်ချုပ်ရေးယန္တရားတွေ ထူထောင်နိုင်ရေးဟာလည်း အသွင်ကူးပြောင်းရေးကာလကို ရောက်ပြီဆိုရင် အင်မတန် အရေးတကြီး ဦးစားပေးလုပ်ကြရမယ့် အလုပ်ဖြစ်တာကြောင့် သေချာပြင်ဆင်နိုင်ကြမယ်ဆိုရင် အလွန် ကောင်းမွန်ပါတယ်။ တစ်ဘက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့တွေ အားလုံးပြင်ဆင်နေကြတဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာ လုပ်ငန်းစဥ်ကို လည်း တွန်းတွန်းတိုက်တိုက်နဲ့ သွားနိုင်ဖို့လိုမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုနဲ့ ဖက်ဒရယ် ယူနစ်တွေဟန်ချက်ညီညီ အချိတ်အဆက်မိမိ သွားနိုင်ဖို့ကလည်း အင်မတန် အရေးကြီးတာမို့ ဒီအတွက်လည်း အစိုးရတာဝန်ရှိသူတွေအနေနဲ့ AFTA ရေးဆွဲရေးလုပ်ငန်းစဥ်မှာ ပါဝင်နေကြတဲ့ အဖွဲ့တွေကို သေသေချာချာ တိုက်တွန်းပြောကြား ပေးစေချင် ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။
ဒါအပြင် အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်ဖြိုလှဲချနိုင်ဖို့ အရှိုက်ထိစေမယ့် စစ်ရေးကဏ္ဍ အားကောင်းစေ‌ရေးအတွက် အားလုံးပူးပေါင်းအားဖြည့်ပေးကြဖို့အတွက်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါသည်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ က ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းမည့် ကိစ္စတင်ပြဆွေးနွေးခဲ့ကြပါသည်။
အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
Scroll to Top