ဇူလိုင် ၃၀၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးကို ဇူလိုင်လ ၂၉ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “ ဘယ်နည်းနဲ့ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ဖြစ်ဖြစ် စစ်ရေးဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာလျှင် ကျနော်တို့ မျှော်မှန်းတဲ့ အနာဂတ် တရားမျှတတဲ့ သာယာဝပြောတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်ဆိုတာကတော့ ကျနော်တို့ အားလုံးရဲ့ စိတ်ဆန္ဒ ပြည်သူအားလုံးရဲ့ စိတ်ဆန္ဒလည်းဖြစ်ကြောင်း၊ အဲဒါကတော့ အဓိက ကျနော်တို့ သွားရမှာ ဖြစ်တဲ့ အတွက်ကြောင့် တချို့နေရာတွေမှာ reform လုပ်ရမှာဖြစ်ကြောင်း၊ အဲလိုလုပ်လာတဲ့အခါမှာ ကျနော်တို့အားလုံးဟာ တော်လှန်ရေးသမားပီပီ အမှန်ကို ရပ်တည်လို့ ကိုယ်ကျိုးစွန့်ပြီးတော့ တိုင်းသူပြည်သားတွေရဲ့ အနာဂတ် တည်ဆောက်နေတဲ့သူတွေ ဆိုတာကို စိတ်နှလုံးထဲမှာ ယုံကြည်ချက် ကြီးကြီးမားမားနဲ့ ဆက်ပြီးတော့ ရပ်တည်သွားဖို့ ဖြစ်ကြောင်း၊ အခုချိန်ထိ ဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေ တော်တော်ကောင်းတယ်လို့ပဲ ကျနော်ခံယူကြောင်း၊ ဒါပေမယ့် ပိုမိုကောင်းမွန်လာအောင် လုပ်ရမှာဖြစ်ကြောင်း၊ ဘယ်ဟာမှ အတည်တကျ မရွေ့မပြောင်း မပြောင်းမလဲ ရှိတာတော့မဟုတ်ကြောင်း၊ လောကမှာတော့ ကောင်းတာကနေ ပိုပို ကောင်းလာအောင် ကျနော်တို့ အမြဲတမ်းသွားနေရတဲ့ ကမ္ဘာဖြစ်ကြောင်း”ပြောကြားပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဝန်ကြီးတချို့လည်း စစ်ကိုင်း၊ မကွေးဘက် ခရီးတွေ ဆန့်နိုင်နေကြပြီဖြစ်တာမို့ ပကတိအခြေအနေတွေကို ပိုသိရှိပြီး၊ တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်မယ့်၊ ပိုမိုထိရောက်မယ့် အခြေအနေတွေကို စီမံဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ မြေပြင်ပကတိအခြေအနေဆိုတာ စစ်ကိုင်း၊ မကွေး သက်သက်ကို ညွှန်းတာတော့ မဟုတ်ဘူးဆိုတာ နားလည်ကြရမှာ ဖြစ်ပါတယ်။ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမှာ ပိုအားစိုက်ကြရမှာဖြစ်သလို မျက်ခြေပြတ်ခံလို့ မရတဲ့ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ စတဲ့ဒေသတွေကိုလည်း လစ်လျူရှုလို့ မရပါဘူး။ တော်လှန်ရေးအခြေအနေအရ မြောက်ပိုင်း၊ တောင်ပိုင်း ခွဲပြီး ပြောနေကြရတယ်ဆိုပေမယ့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နိုင်ငံလုံးရဲ့ အစိုးရဖြစ်တာကြောင့် မူတွေချမှတ်တဲ့အခါမှာ တစ်နိုင်ငံလုံးရဲ့ အခြေအနေတွေနဲ့ ချိန်ဆ ချမှတ်ကြရမှာ ဖြစ်ပါတယ်။ မြောက်ပိုင်းအတွက် တစ်မျိုး၊ တောင်ပိုင်းအတွက် တစ်မျိုးဖြစ်လို့ မရပါဘူး။ မူတွေကို အကောင်အထည်ဖော်ကြတဲ့အခါမှာတော့ အခြေအနေအရ နေရာဒေသအလိုက် ချိန်ညှိပြီး စဥ်းစားကြရတာတွေ ရှိနိုင်ပါတယ်။ ဒါကိုတော့ အစိုးရအဖွဲ့ဝင်တွေ ကောင်းစွာသဘောပေါက် နားလည်မယ်လို့ ယုံကြည်ပါတယ်။ အုပ်ချုပ်ရေးကဏ္ဍ ဖော်ဆောင်မှုတွေဟာ ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့ အခြေခံအုတ်မြစ် တစ်ခုလည်း ဖြစ်တာ ကြောင့် အစကောင်းဖို့လည်း လိုပါတယ်။” လို့ ပြောကြားပါတယ်။
အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က ပေါင်းစပ်ရုံး လုပ်ငန်းစဉ် နဲ့ ရုံးအသုံးစားရိတ် တင်ပြဆွေးနွေးတာ ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ လုပ်ငန်းသုံး ဘက်ဂျက်များ နဲ့ စပ်လျဉ်းပြီး တင်ပြဆွေးနွေးတာတွေပြုလုပ်ခဲ့ကြပါတယ်။
အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
