၂၀၂၅ မှာ ယခင်နှစ်ထက် သာလွန်တဲ့ စွမ်းဆောင်ရည်တွေဖြစ်အောင် ကြိုးစားကြဖို့ ယာယီသမ္မတ တိုက်တွန်း
ဇန်နဝါရီ ၇ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “ဒီနေ့ဟာ ၂၀၂၅ နှစ်သစ်ရဲ့ ပထမဆုံးသော အစိုးရအဖွဲ့အစည်း အဝေး ဖြစ်တာကြောင့်၊ အားလုံးအတွက် စိတ်သစ်လူသစ် – ခွန်အားသစ်တွေနဲ့ တော်လှန်ရေးခရီးကို အားသွန် ခွန်စိုက် ရှေ့ဆက်ဖို့ အသင့်ဖြစ် နေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီနေ့အစိုးရအဖွဲ့အစည်းမှာ “၂၀၂၅ ဟာ အပြောင်းအလဲတွေ များမယ့်နှစ်” လို့ ခံယူပြီး ဆက်လက်ချီတက်ဖြတ်သန်းကြဖို့ ပထမဆုံး တိုက်တွန်းလိုပါတယ်။ အပြောင်း အလဲလို့ ပြောတဲ့နေရာမှာ အခြေအနေတွေရဲ့ အပြောင်းအလဲတွေကိုလည်း ကျွန်တော်တို့ ကြုံလာရမယ့် နှစ်ဖြစ်သလို၊ ကျွန်တော်တို့ကိုယ်တိုင်လည်း မိမိကိုယ်ကို အပြောင်းအလဲတွေ လုပ်ကြရမယ့်နှစ်လို့ ယူဆပါတယ်။ အစိုးရအဖွဲ့ အစည်းအဝေးတိုင်းမှာ၊ ကျွန်တော့်အနေနဲ့ အမြဲတမ်း ပြောခဲ့ဖူးတာ ရှိပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအလုပ်တွေကို ”မြန်အောင် လုပ်ရမယ်၊ လွယ်ကူ အောင်လည်း လုပ်ရမယ်၊ ထိရောက် အောင်လည်း လုပ်ရမယ်”ဆိုတဲ့ မူဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ၂၀၂၄ နှစ် မကုန်ခင်ကတည်းက ယခု ၂၀၂၅ အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ကြိုတင် ဆွေးနွေး ဆုံးဖြတ်ခဲ့တာတွေ ရှိပါတယ်။ တချို့ကိုလည်း ဆက်လက်ပြီးတော့ အသေးစိတ် ဆွေးနွေးနေဆဲရှိသလို အတော်များများကတော့ ကျွန်တော်တို့အားလုံးမှာ လွှမ်းခြုံမိတဲ့ ဆုံးဖြတ်ချက်တွေ ဦးတည်ချက်တွေ ရှိထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ အပြောနဲ့ အလုပ် ညီကြဖို့၊ လက်တွေ့ အကောင်အထည် ဖော်ရမယ့် လုပ်ငန်းစဉ်တွေမှာ စနစ်တကျ အကောင်အထည်ဖော်ကြဖို့ ကျွန်တော့်အနေနဲ့ အလေးအနက် ထား တိုက်တွန်းချင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေကို ကျွန်တော်တို့ လေးလေးနက်နက် ပြန်လည် သုံးသပ်ပြီး၊ ဒီနှစ် ၂၀၂၅ မှာ ယခင်နှစ်ထက် သာလွန်တဲ့ စွမ်းဆောင် ရည်တွေဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ ဝန်ကြီးဌာနအလိုက် လုပ်ဆောင်မယ့် လုပ်ငန်းစဉ် တွေကို ပြည်သူလူထုကို အစီရင်ခံတင်ပြဖို့ ကိစ္စရပ်တွေလည်း ရှိလာပြီ ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီး ဌာန ကတော့ ရှေ့ဆောင်ရှေ့ရွက်အနေနဲ့ ပြည်သူကို အစီရင်ခံ တင်ပြတဲ့ ကိစ္စနဲ့ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ပြည်သူလူထုထံ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အဲသည့်အတွက်လည်း ကျွန်တော်က ဝမ်းသာ ဂုဏ်ယူကြောင်း ပြောချင်ပါတယ်။ တခြားသော ဝန်ကြီးဌာနတွေလည်း ပြည်သူလူထုကို တင်ပြဖို့ လိုအပ်တဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ချပြပြီး လူထုနဲ့ တစ်သားတည်း ဆက်ဆံရေး ခိုင်မာနေဖို့ အထူးလိုအပ်ကြောင်း ပြောလိုပါတယ်။ ” လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း “နောက်ဆုံး အရေးအကြီးဆုံး အချက်အနေနဲ့ ပြောချင်တာကတော့ ယခု ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့် နှစ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ဒါဟာ နည်းနာပိုင်းအရ – ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲလုပ်ခြင်းသာ ဖြစ်ကြောင်း နားလည်စေလိုပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး” နဲ့ “စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး” ဆိုတဲ့ ဦးတည်ချက်ကတော့ ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်ဘူး ဆိုတာ ထပ်လောင်းပြောကြားချင်ပါတယ်။ ကျွန်တော်တို့ဟာ အပြောင်းအလဲတွေကို မကြောက်ပါဘူး။ အပြောင်းအလဲတွေကို အလိုရှိလို့လည်း တော်လှန်ရေးအစိုးရအဖြစ် ခံယူပြီး လျှောက်လှမ်းနေခြင်းဖြစ် ပါတယ်။ အခြေအနေ အပြောင်းအလဲ တွေကိုလည်း ပြည်သူလူထုနဲ့ နိုင်ငံအတွက် ကောင်းသော ပြောင်းလဲခြင်းတွေဖြစ်အောင် ပဲ့ပြင်တည်ဆောက်ယူမယ်လို့ ခံယူပါတယ်။ မိမိကိုယ်ကို ပြောင်းလဲဖို့ လိုအပ်လာရင်လည်း – ဘာကိုမှ မတွန့်ဆုတ်ဘဲ တိုင်းပြည်နဲ့ လူထုအတွက် မိမိကိုယ်ကို ပြောင်းလဲရေးကို ရဲရဲတင်းတင်း လုပ်ဆောင် နိုင်တယ်ဆိုတာ လက်တွေ့ပြချင်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒါအပြင် ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ရုံးအဖွဲ့သားတွေအနေနဲ့ မြေပြင်ရှိ ရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တဲ့ သတင်းတွေကို သိရှိမြင်တွေ့ရပြီး အစိုးရအဖွဲ့ခေါင်းဆောင်တဦး အခုလို မြေပြင်ရဲဘော်တွေနဲ့ ထိတွေ့ နိုင်မှုက မြေပြင်ရဲဘော်တွေအတွက် စိတ်ဓာတ်ခွန်အားများစွာမြင့်တက်စေသလို တော်လှန်ရေး တစုံလုံး အတွက်လည်း များစွာ အားဖြစ်စေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ ၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံး အစိုးရအဖွဲ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ယာယီသမ္မတကြီးအပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးများနဲ့ အတွင်းဝန်များအားလုံး ကျန်းမာဘေး ကင်းစွာနဲ့ တော်လှန်ရေးခရီးဆုံးကို အောင်အောင်မြင်မြင် အတူတကွ လျှောက်လှမ်းနိုင်မယ့် မင်္ဂလာနှစ်သစ် ဖြစ်ပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ၂၀၂၄ နှစ်တစ်နှစ် ကုန်ဆုံးသွား ပြီဖြစ်တာမို့ ၂၀၂၄ ခုနှစ်အတွင်းက လုပ်ဆောင်ချက်တွေကို ပြန်လည်လေ့လာသုံးသပ်ရင်း ဘာတွေ အားကောင်းကောင်းနဲ့ စီမံနိုင်ခဲ့ကြသလဲ၊ ဘယ်လိုအောင်မြင်မှုတွေရခဲ့ကြသလဲဆိုတာရယ်၊ ဘယ်အရာ တွေမှာတော့ လိုအပ်ချက်တွေ ရှိခဲ့ကြလဲဆိုတာကို ဝန်ကြီးဌာနအသီးသီးနှင့် ကော်မတီအသီးသီးတို့လည်း သုံးသပ်မှုတွေ ပြုလုပ်နေကြပြီလို့ ယုံကြည်ပါတယ်။ အားသာချက်တွေကို ပိုမိုကောင်းမွန်အောင် ကြိုးစားကြ ရမှာဖြစ်ပြီး၊ အားနည်းချက်တွေကိုလည်း ထိထိရောက်ရောက် ပြင်ဆင်ကြရင်း တော်လှန်ရေး ခရီးဆက်ကြရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးခရီးဆက်ကြတဲ့အခါ အထူးသတိချပ်ကြရမှာက တော့ ၂၀၂၅ ဆိုတာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအတွက် အချက်ပေး ခေါင်းလောင်းထိုးနေတဲ့ နှစ်ဆိုတာပါပဲ။ ဒါ့ကြောင့် ခပ်သွက်သွက် ခရီးနှင်ကြရမယ့် နှစ်ဖြစ် ကြောင်း ပြောကြားလိုပါတယ်။” လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း “ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော့ ၂၀၂၅ ခုနှစ်အစောပိုင်းလတွေမှာ မဖြစ် မနေ ကြိုးစားလုပ်ဆောင်ကြရမယ့် အရာတွေ ရှိပါတယ်။ ဒါတွေကို သမ္မတကြီးနဲ့ ကျွန်တော် နှစ်သစ်ကူးမိန့်ခွန်းတွေမှာလည်း ထည့်သွင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ နံပါတ် (၁) အချက် ကတော့ အမျိုးသားညီညွတ်ရေးအစိုးရကို ကျစ်ကျစ်လစ်လစ်နဲ့ ထိထိရောက်ရောက် အလုပ် လုပ်စေနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲရေး ကိစ္စ။နံပါတ် (၂) ကတော့ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေပါ။ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ မဟာမိတ်ဆက်ဆံရေးကဏ္ဍပါ။ မဟာမိတ်ဆက်ဆံရေးလို့ ပြောရင် တော်လှန်ရေးအင်အားစုအားလုံး ဆိုလိုတာဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစု အသီးသီး၊ အစုအဖွဲ့အသီးသီးတွေနဲ့ အမြဲတမ်းသဘောထားတွေက စုစည်းညီညာနေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တူတာတွေကို စုစည်းပြီး တော်လှန်ရေးကို အရှိန်အဟုန်နဲ့ သွားနိုင် အောင် ကြိုးစားလို့ရပါတယ်။ ဒီအချိန်မှ မစုစည်းနိုင်ရင် နောင်စုစည်းနိုင်ဖို့ မလွယ်ကူပါဘူး။ ဒီလို အကြမ်းဖက်စစ်အုပ်စု ဖိအားအများဆုံး ဖြစ်နေတဲ့အချိန်မျိုးမှာ ကျွန်တော်တို့က ပိုမိုစုစည်းပြီး ရုန်းနိုင်ကြရမှာပါ။ ဒီနှစ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရအတွက် နိုင်ငံရေး၊ နိုင်ငံခြားရေး၊ စစ်ရေး အရ လုပ်ဆောင်ရမှာတွေလည်း အများအပြားရှိသလို အာရုံစိုက်စရာတွေကလည်း များပါ တယ်။ တော်လှန်ရေးအရှိန်မြှင့်မှုတွေနဲ့အတူ နိုင်ငံရေးအရ ဆွေးနွေးစရာတွေ၊ နိုင်ငံတကာရဲ့ အခြေအနေတွေ စသဖြင့် ကဏ္ဍပေါင်းစုံကနေ လစ်ဟင်းမှုမရှိစေပဲ အလုပ်လုပ်ကြရမယ့် ကာလပဲ ဖြစ်ပါတယ်။ လုပ်ဆောင်စရာတွေ များပြားလှတဲ့အထဲက အထက်မှာ ကျွန်တော် ပြောခဲ့တဲ့ အချက် ၃ ချက်ကတော့ ဒီလတွေအတွင်းမှာကိုပဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြရ မယ့် ကဏ္ဍတွေဖြစ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး က ပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကို တင်ပြဆွေးနွေးခဲ့ ပါတယ်။
အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။