၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၃) ရက်
အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားသောခြောက်မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်မြို့ရှိ Inya View အဆောက်အအုံနှင့်ခြံ၏ရှယ်ယာများကိုအခြား အာဏာရှင်နိဂုံး မြေကွက်၊ တိုက်ခန်း နှင့် ကွန်ဒို ရင်းနှီးမြှုပ်နှံမှုများ အလားတူသက်တမ်းစေ့ရောက်ပြီး နွေဦးတော်လှန်ရေးအစိုးရ ငွေတိုက်စာချုပ်များဖြင့်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း တော်လှန်ပြည်သူများသို့ အသိပေးကြေညာခြင်း
၁။ နွေဦးတော်လှန်ရေးကို ဘဏ္ဍာရေးစစ်မျက်နှာမှ ပါဝင်ထောက်ပံ့ကူညီလိုသော တော်လှန် ပြည်သူများအတွက် နွေဦးတော်လှန်ရေး အစိုးရ အထူးငွေတိုက်စာချုပ်များကို ၂၀၂၁၊ ဒီဇင်ဘာလဆန်းမှစတင်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ စတင်ထုတ်ဝေ ရောင်းချခဲ့ပါသည်။
၂။ စာချုပ်သက်တမ်း (၂) နှစ် အတွင်း လုံးဝအတိုးမဲ့ (အတိုးနှုန်း သုည ရာခိုင်နှုန်း) ဖြင့်ထုတ်ဝေရောင်းချခဲ့သော နွေဦးတော်လှန်ရေး အစိုးရငွေတိုက်စာချုပ်များကို ပြည်သူများမှ အမေရိကန်ဒေါ်လာ ၄၄ (လေးဆယ့်လေး) သန်းကျော် တန်ဘိုးအထိ တော်လှန်ရေးအောင်စိတ်ဖြင့် လှိုက်လှဲစွာ ဝယ်ယူအားပေးခဲ့ကြပြီး ရောင်းချလျက်ရှိသော အစိုးရငွေတိုက်စာချုပ်များကို ယနေ့အချိန်အထိ ပြည်သူများမှ ဆက်လက်၍ ဝယ်ယူအားပေးလျက်ရှိကြပါသည်။
၃။ သက်တမ်းစေ့ရောက်ပြီး ဖြစ်သော ငွေတိုက်စာချုပ်များကို အောက်ပါနည်းလမ်းသုံးမျိုးအနက်မှ တမျိုးမျိုးကို ရွေးချယ်ဆောင်ရွက်နိုင်ကြောင်းကိုလည်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
၃-(က)။ ငွေတိုက်စာချုပ်ကို မိမိတို့လက်ဝယ်တွင် ဆက်လက်သိမ်းဆည်းထားခြင်းဖြင့် စာချုပ်ကိုသက်တမ်း (၁) နှစ် တိုးခြင်း
၃-(ခ)။ ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်လိုသူများ ဖြည့်သွင်းရမည့် ပုံစံ(ဃ) ဖြည့်သွင်း၍ တန်ဖိုးငွေကို ပြန်လည်ထုတ်ယူခြင်း
၃-(ဂ)။ ငွေတိုက်စာချုပ်တန်ဖိုးငွေကို အာဏာရှင်နိဂုံး (EOD) ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲဝယ်ယူခြင်း
၄။ သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်များကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလဆန်းမှ စတင်၍ ပြန်လည် ထုတ်ပေးလျက်ရှိရာ ယခုအချိန်အထိ အမေရိကန်ဒေါ်လာ ၂.၂ (နှစ်ဒသမနှစ်) သန်းကျော်ကို ထုတ်ပေးပြီးဖြစ်ပါသည်။ သက်တမ်းစေ့ရောက်ပြီး ပြန်လည်ထုတ်ယူခြင်း မပြုဘဲ ဆက်လက်၍ အလိုအလျောက် သက်တမ်းတိုးထားရှိသည့် ငွေတိုက်စာချုပ်များ၏ ပမာဏမှာ ၉၅% (ကိုးဆယ့်ငါး ရာခိုင်နှုံး) ကျော်ရှိသောကြောင့် တော်လှန်ပြည်သူအများ၏ တော်လှန်ရေးပန်းတိုင်အထိ ဆက်လက်ထောက်ပံ့ကူညီရန် သန္နိဋ္ဌာန်နှင့် အောင်စိတ်တို့ကို အထူး ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
၅။ သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်တန်ဖိုးငွေဖြင့် အာဏာရှင်နိဂုံး (EOD) မြေကွက်၊ တိုက်ခန်း နှင့် ကွန်ဒို ရင်းနှီးမြှုပ်နှံမှုများကို တော်လှန်ပြည်သူအများမှ အာဏာရှင်နိဂုံး (EOD) ကိုယ်စားလှယ်များကို ဆက်သွယ်၍ ဝယ်ယူအားပေးနေကြပြီးဖြစ်ပါသည်။
၆။ ယခုအခါတွင် အာဏာရှင်နိဂုံး (EOD) မှလက်ရှိရောင်းချလျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားသော ခြောက်မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်မြို့ရှိ Inya View အဆောက်အအုံနှင့်ခြံ၏ရှယ်ယာများ နှင့် အခြားသော (EOD) (ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်) မြေကွက်၊ တိုက်ခန်း နှင့် ကွန်ဒို ရင်းနှီးမြှုပ်နှံမှုများ အားလုံးကို သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်ဖြင့် ပေးချေ ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
၇။ ပြည်သူ့ နွေဦးတော်လှန်ရေးကြီးကို အဆုံးသတ်အောင်ပွဲဖြင့် တော်လှန်ရေးအောင်လံကို လွှင့်တင်နိုင်သည်အထိ မဆုတ်မနစ်သော ဆန္ဒ၊ ဝီရိယ၊ ပညာနှင့် အာဏာရှင်တော်လှန်ရေး စိတ်ဓာတ်တို့ဖြင့် ဆက်လက်အားဖြည့် တိုက်ပွဲဝင်သွားကြပါရန် တော်လှန်ပြည်သူများအပေါင်းအား လေးစားစွာ မေတ္တာရပ်ခံတိုက်တွန်း အပ်ပါသည်။
(ပုံ) တင်ထွန်းနိုင်
Union Minister
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ