၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်
(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်)
အမိန့်ကြော်ငြာစာအမှတ် (၃/ ၂၀၂၄)
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၂။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်၍ ရွေးကောက်ခံအရပ်သားအစိုးရအား အဓမ္မအာဏာသိမ်းရန် ကြိုးစားမှုကျူးလွန် ခဲ့ပြီး နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည့်အပြင် အာဏာရှင်စနစ် ပြန်လည် အသက်သွင်းရန် ကြိုးစားအားထုတ်ရာတွင် နိုင်ငံတော်ယန္တရားများကို အသုံးချ၍ ပြည်သူလူထုကို အကြမ်းဖက်မှု၊ ကြောက်ရွံ့ထိတ်လန့်စေမှု စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်မှုကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဟု အမည်ရှိသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၁၀/၂၀၂၁) ဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့သည်။ ထပ်မံ၍ တရားရေးဝန်ကြီးဌာနက “အိမ်စောင့် အစိုးရအဖွဲ့” ဟု အမည် ရှိသည့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအား ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂ ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၃/၂၀၂၁) ဖြင့် မတရားအသင်းအဖြစ် ကြေညာခဲ့သည်။
၃။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသော “အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့” ဟုအမည်ရှိသည့် ယင်းအဖွဲ့သည် အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်သည့် United League of Arakan (ULA)/ Arakan Army (AA)၊ The Myanmar National Democratic Alliance Army (MNDAA) နှင့် Ta’ang National Liberation Army (TNLA) တို့အား အကြမ်းဖက်အုပ်စုအဖြစ် တရားမဝင် ကြေညာခဲ့ကြောင်း တွေ့ရှိရသည်။
၄။ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသော “အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့” ဟု အမည်ရှိသည့် ယင်းအဖွဲ့၏ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄) နှင့် (၂/၂၀၂၄) တို့သည် တရားမဝင်ကြောင်း ကြေညာလိုက်သည်။
၅။ ထို့ပြင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသည့် “အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့” ဟု အမည်ရှိသော ယင်းအဖွဲ့သည် အကြမ်းဖက်အုပ်စု ဖြစ်သည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိသဖြင့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် “ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့”ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ပြီး ယင်းအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာလိုက်သည်။
ဥက္ကဌ
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့