ထုတ်ပြန်ချက် (၄/၂၀၂၅)
(၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်)
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်
၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် မြန်မာပြည်ဘက် အခြမ်းတွင် ယာယီစခန်းရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေသော တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ရဲဘော် (၁၀) ဦးစလုံးသည် ၁၄.၅.၂၀၂၅ ရက်နေ့ ၌ စခန်းမှ ပျောက်ဆုံးသွားပြီး အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်သည့် Assam Rifles (တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ်ပြည်နယ်) ထံမှ ၁၆.၅.၂၀၂၅ ရက်နေ့တွင် ရုပ်အလောင်း (၁၀) လောင်း အနေဖြင့် ညှိနှိုင်း တောင်းဆိုလက်ခံရရှိခဲ့ပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများအနေဖြင့် ပျောက်ဆုံးသည်ဟု သိရသည့် အချိန်မှ (က) ၂၄ နာရီ အတွင်း ပျောက်ဆုံး/ သေဆုံးမှုအား အတည်ပြုချက်ရယူရေးနှင့် ပျောက်ဆုံးသူ/ ရုပ်အလောင်းများ ပြန်လည်ရရှိရေး၊ (ခ) ၇ ရက်အတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တရားဝင် သတင်းထုတ်ပြန်နိုင်ရေး၊ (ဂ) နောက်ဆက်တွဲလုပ်ငန်းများ ဆောင်ရွက်ရေး စသည့် လုပ်ငန်းများအား အိန္ဒိယနိုင်ငံနှင့် စပ်လျဉ်းသော ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက် ရန် အထူးဖွဲ့စည်းထားသည့် Task Force for India အနေဖြင့် ဆောင်ရွက်ခဲ့ရပြီး ကနဦး မြေပြင် အခြေအနေ ကြားနာစစ်ဆေးမှု အစီရင်ခံစာ တွေ့ရှိချက်များအရ အိန္ဒိယအစိုးရ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
၃။ မြေပြင်အခြေအနေ စစ်ဆေးမှုများ၊ အစီရင်ခံစာ တွေ့ရှိချက်များ၊ ဆွေးနွေးတွေ့ရှိချက် များအရ ဖြစ်စဉ်အမှန်သည် အိန္ဒိယနိုင်ငံမီဒီယာများမှ ထုတ်ပြန်ချက်များနှင့် ကွဲလွဲနေပြီး တမူး ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၁၀) ဦးမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကာ ကျဆုံးခြင်းမဟုတ်ဘဲ၊ ယာယီစခန်းရွှေ့ပြောင်းမှုအား သတင်းကြိုတင်ပေးပို့ထားသည့်ကြားကပင် Assam Rifles ( တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ် ပြည်နယ်)၏ အကြောင်းပြချက်မခိုင်လုံစွာဖြင့် ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း ခံရသည်ဟု သုံးသပ်တွေ့ရှိရပါသည်။ အလောင်းများ ပြန်လည်တောင်းခံယူရာတွင်လည်း (က) (ပကဖ) ရဲဘော်များမှ အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ကာ စတင်တိုက်ခိုက်သောကြောင့် နှိမ်နင်းခြင်းခံရကြောင်း၊ (ခ) နောက်နောင် နိုင်ငံနယ်နိမိတ် ခြံစည်းရိုးခတ်မှုအား မကန့်ကွက် ရန် သဘောတူပါကြောင်း စသည့် အချက်များအား မြန်မာဘက်မှ လာရောက်သည့် တာဝန်ခံများ အား ခေါ်ယူထားကာ ဖိအားပေးလက်မှတ်ထိုးစေပြီးမှ လွှဲပြောင်းပေးကြောင်း သိရှိရသည်။
၄။ စိစစ်တွေ့ရှိချက်များအပေါ်အခြေခံလျက် အိန္ဒိယနိုင်ငံအစိုးရအား အောက်ဖေါ်ပြပါ အချက်များအား ယခုသဘောထား ထုတ်ပြန်မှုနှင့်အတူ တောင်းဆိုအပ်ပါသည် -
(က) အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန်
(ခ) အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသူများ မဟုတ်ဟု သိရှိပါလျက် ရက်စက်စွာ သတ်ဖြတ်ခြင်းအပေါ် တာဝန်ယူမှုရှိစွာဖြင့် စုံစမ်းစစ်ဆေး၊ အပြစ်ပေး အရေး ယူ ဖြေရှင်းပေးရန်
(ဂ) နစ်နာမှုများအတွက် တာဝန်ယူဆောင်ရွက်ပေးပြီး၊ နစ်နာသူ မိသားစုများအား နစ်နာကြေးပေးဆောင်ရန်
(ဃ) နောင်တွင် အလားတူ ကိစ္စများ မဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးရန်
(င) နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးသည့်ကာလတွင် တဖက်သတ် ခြံစည်းရိုးခတ်ခြင်းအားယာယီရပ်ဆိုင်းထားခြင်းဖြင့် ယခုကဲ့သို့ ဖြစ်စဉ်များအား ရှောင်လွှဲရန်
၅။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုဖြစ်ပွားမှုသည် အိန္ဒိယနိုင်ငံအစိုးရ၏ မူဝါဒသဘောထားရပ်တည်ချက်တစုံတရာကို ကိုယ်စားပြုခြင်းမဟုတ်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခင်ပေးပို့ထုတ်ပြန်ထားသည့် မိမိတို့၏မူဝါဒအတိုင်း အိမ်နီးချင်း နှစ်နိုင်ငံ အကြား ဆက်ဆံရေးကို အရှည်ရှေးရှုလျက် နယ်စပ်ဒေသကိစ္စရပ်များတွင် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုထုတ်ပြန်ချက်မှာ မြန်မာပြည်သူများ၏ ဆန္ဒသဘောထားလည်း ဖြစ်သဖြင့် အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် အလေးထား ဆောင်ရွက် မည်ဟု ယုံကြည်ပါကြောင်းနှင့် အမှုမှန်မပေါ်ပေါက်ခဲ့ပါက ဖြစ်ပေါ်လာမည့်ကိစ္စများတွင် မိမိ တို့အနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲမည်ဖြစ်ပါကြောင်း အထူးမေတ္တာရပ်ခံ တောင်းဆို အပ်ပါသည်။
၆။ မြန်မာနိုင်ငံအတွင်းရှိ မိဘပြည်သူများ၊ အိန္ဒိယနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများ အနေဖြင့်လည်း တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် သက်ဆိုင်ရာ အိန္ဒိယအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအား သိရှိနားလည်ယုံကြည်ကာ၊ အခြားမလိုလားအပ်သော နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေမည့်ကိစ္စများ၊ အထူးသဖြင့် နယ်စပ်ဒေသရှိ တော်လှန်ရေးအဖွဲ့များ အနေဖြင့်လည်း နိုင်ငံကြီးသားမပီသသည့် မည်သည့်ဆောင်ရွက်ချက်များကိုမျှ မပြုလုပ်ရန် နှင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဒေသအတွင်း မူးယစ်ဆေးဝါးတရားမဝင် ရောင်းဝယ် သယ်ဆောင်မှုထိန်းချုပ်ရေးအပါအဝင် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် အစဥ်တစိုက်ပူးပေါင်းဆောင်ရွက်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
၇။ သို့ဖြစ်ပါ၍ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တွင် တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆောင်ရွက်ချက်များ၊ သက်ဆိုင်ရာအိန္ဒိယနိုင်ငံအစိုးရအပေါ် တောင်းဆိုချက်များနှင့် ပြည်သူ လူထုထံ ပန်ကြားချက်များအား သဘောထားထုတ်ပြန်အပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန