ကရင့်အမျိုးသားအစည်းအရုံး၊ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီး စောထူးထူးလေး ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခြင်း

(၂၀၂၅ ခုနှစ်၊ မေလ(၁၈)ရက်)
၁။ ကရင့်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေး နှင့် စစ်ရေး ဦးဆောင်အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဗိုလ်မှူးကြီး စောထူးထူးလေး သည် ၂၀၂၅ ခုနှစ်၊ မေလ (၁၇) ရက်နေ့၊ ထိုင်းနိုင်ငံ၊ စံတော်ချိန် ည (၁၀:၂၀) နာရီ အချိန်တွင် ခရစ်တော်၏ ငြိမ်သက်ရာ၌ အိပ်ပျော်သွားပြီဖြစ်ကြောင်းကို သိရှိရသည့် အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။
၂။ ကွယ်လွန်သူ ဗိုလ်မှူးကြီး စောထူးထူးလေးသည် ၁၉၇၉ ခုနှစ်၊ မေလတွင် ကရင့် တော်လှန်ရေးနယ်မြေသို့ စတင်ရောက်ရှိခဲ့ချိန်မှစ၍ ဘဝတလျှောက်လုံးကို ကရင့်အမျိုးသား အစည်းအရုံး၏ အလံတော်အောက်တွင် နှစ်မြှုပ်အပ်နှံကာ ကရင့်အမျိုးသားအရေးနှင့် မြန်မာ့ ဒီမိုကရေစီရေးအတွက် အားထုတ်ကြိုးပမ်းခဲ့သူ ဖြစ်ပါသည်။ ဥပဒေပညာရှင်တစ်ဦးအနေဖြင့် ၎င်းသည် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လူမှုကယ်ဆယ်ရေးကဏ္ဍများတွင် အရေးပါသည့် တာဝန်အမျိုးမျိုးကို ထမ်းဆောင်ခဲ့ပြီး၊ KNDO ဒုတိယစစ်ဦးစီးချုပ်၊ ကရင့်အမျိုးသား အစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး (၁) နှင့် (၂) စသည့် အမြင့်ဆုံးသော ရာထူးများကို ရယူခဲ့ကာ ကွယ်လွန်ချိန်၌ ကရင့်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ၏ နိုင်ငံရေးနှင့် စစ်ရေးအကြံပေး အဖြစ် ထူးခြားလေးနက်သောတာဝန်များကို ထမ်းဆောင်သွားခဲ့ပါသည်။ ကရင့်တော်လှန်ရေး ခရီး တစ်လျှောက် ၎င်း၏အနစ်နာခံမှု၊ စွမ်းဆောင်မှုများနှင့် ခိုင်မာသောသစ္စာရှိမှုတို့သည် နောင်လာ နောက်သားများအတွက် အတုယူစရာ မှတ်ကျောက်တင် လေးစားဖွယ်ပင် ဖြစ်ပါသည်။
၃။ ဗိုလ်မှူးကြီး စောထူးထူးလေး ကွယ်လွန်ခြင်းသည် ကျန်ရစ်သူမိသားစုအတွက်သာမက ကရင်အမျိုးသားထုကြီးတရပ်လုံးနှင့် မြန်မာ့နိုင်ငံရေးအတွက် အစားထိုးမရသည့် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပါသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်ဖော်ပြရင်း ဤဝမ်းနည်းကြောင်းသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
National Unity Government
Scroll to Top