၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့
စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်းမှာ အစဉ်အလာကြီးမားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ (၃၇) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမှာ အခုလို စကားပြောကြားခွင့်ရလို့၊ ကျွန်တော့်အနေနဲ့ အထူး ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ယနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် နှင့်အတူ ဗဟိုအလုပ်အဖွဲ့ဝင်များ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီးများ၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်များအားလုံးနှင့် နိုင်ငံသံတမန်များ အားလုံးကို လေးစားကြောင်း ပဏာမ ပြောကြားလိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ သမိုင်းဖြတ်သန်းမှုကို ကြည့်ရင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ သမိုင်းဖြတ်သန်းမှု ကြီးမားစွာ ရှိနေပါတယ်။ ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မှတ်ကျောက် ထူနိုင်လောက်အောင် ခိုင်မာတဲ့သမိုင်း ရှိထားပြီးဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သမိုင်းတစ်လျှောက်မှာ နိုင်ငံရေးလောကဓံ အနိမ့်အမြင့် အတက်အကျ တွေကို အလူးအလဲခံခဲ့ရတာတွေ့ရပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီလို ကြမ်းတမ်းတဲ့ နိုင်ငံရေးလောကဓံတွေကို ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး၊ ရုန်းထ ရပ်တည်နိုင်တယ်ဆိုတာ ထင်ရှား ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြီးမားပြီး ပြင်းထန်တဲ့ နိုင်ငံရေးမိုးသက်မုန်တိုင်းတွေ ကိုလည်း ဖြတ်သန်းကျော်ဖြတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီလို ဖြတ်သန်းကျော်လွှားနိုင်တဲ့ သမိုင်း ဖြတ်သန်းမှုရှိတာဟာ တော်ရုံတန်ရုံ ပေးဆပ်မှုမျိုးနဲ့ မရဘူးဆိုတာ ကျွန်တော်တို့ အားလုံး သိထားပြီး ဖြစ်ပါတယ်။ ဒါဟာ ခံယူချက်နဲ့ ယုံကြည်ချက်အပေါ်မှာ မိမိရဲ့ အသက်နဲ့ ခန္ဓာကို အပ်နှံပြီး ဖြတ်သန်းရတဲ့ ခရီးရှည်ကြီးဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ စစ်အာဏာရှင်အဆက်ဆက်ရဲ့ နှိပ်စက်ညှဥ်းပန်းမှု တွေကို စိတ်ဓာတ်သတ္တိအပြည့်နဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ကြပါတယ်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်သူ့ရဲ့အကျိုးစီးပွားကို အစဉ်တစိုက် ရှေးရှုခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အကြမ်းမဖက်တော်လှန်ရေးလမ်းစဉ်အပေါ်မှာ မြဲမြံခဲ့သလို၊ ပြည်သူ လူထုရဲ့ သဘောထားကိုလည်း ဘယ်သောအခါမှ လွန်ဆန်ခဲ့တာ မရှိဘူးလို့ ပြောနိုင်ပါတယ်။ ယခု နွေဦး တော်လှန်ရေးမှာလည်း ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို လျစ်လျူမပြုဘဲ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေဟာ ကျရာ အခန်းကဏ္ဍကနေ ပါဝင်နေတာတွေ့ရပါတယ်။
နိုင်ငံရေးဆိုတဲ့ သဘောက အင်မတန် ကျယ်ပြန့်ပါတယ်။ နိုင်ငံရေးဆိုတာ အာဏာ၊ အကျိုးစီးပွားနဲ့ ပဋိပက္ခဆိုတဲ့ အကြောင်းအရာတွေထက် ပိုလွန်ပါတယ်။ ဒါ့အပြင် ပါတီနိုင်ငံရေးဆိုတဲ့ အတိုင်းအတာ ထက်လည်း ကျော်လွန်နေပါတယ်။ တကယ်တော့ နိုင်ငံရေးဆိုတာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပစ္စုပ္ပန်အရေးကိစ္စဖြစ်သလို၊ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အနာဂတ်ကံကြမ္မာကို ပြဋ္ဌာန်းနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးဆိုတာဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ဖြတ်သန်းခဲ့တဲ့ အတိတ်အခြင်းအရာ အားလုံးနဲ့လည်း သက်ဆိုင်နေပါတယ်။ ကျွန်တော်တို့ အားလုံး ယခုဖြတ်သန်းနေ တဲ့ နွေဦးတော်လှန်ရေးဟာ အတိတ်သမိုင်းမှာ ကြိုးပမ်းခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ အဆက်ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ရှေ့မျိုးဆက်ခေါင်းဆောင်တွေ ကြိုးပမ်း တည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို ပုခုံးပြောင်းတာဝန်ယူခြင်းလည်းဖြစ်ပါတယ်။ ပိုပြီး ကျယ်ပြန့်လာတာကတော့ ဖက်ဒရယ်အရေးကိစ္စကိုပါ၊ ကျွန်တော်တို့အားလုံး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်လာကြတဲ့ကိစ္စဖြစ်ပါတယ်။
ဒါ့ကြောင့် လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသက်သက် ပြောလို့ မရတော့သလို၊ ဒီမိုကရေစီအရေးသက်သက်နဲ့လည်း တင်းတိမ်လို့ မရတဲ့ အခြေအနေဖြစ်ပါတယ်။ ဖက်ဒရယ်အရေးကိစ္စကိုပါ ထည့်သွင်းလုပ်ဆောင်မှ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အနာဂတ်လားရာကောင်းကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ လွန်ခဲ့သော နှစ်ပေါင်း (၃၇) နှစ်လောက်ကတည်းက စတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အဆက်ဖြစ်လည်း ယူဆနိုင်ပါတယ်။ အဲသည့် ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြီးမားသော ထည့်ဝင်မှုကို ကာယကံမြောက် မြှုပ်နှံခဲ့တဲ့ နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နွေဦး တော်လှန်ရေးခေါင်းဆောင်အားလုံးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကာယကံမြောက် ပေးဆပ် မြှုပ်နှံမှုတွေကို လေးနက်စွာ ဂုဏ်ပြုကြောင်း / လေးစားစွာ ဦးညွှတ်ကြောင်း ပြောကြားလိုပါတယ်။
တော်လှန်ရေးဆိုတဲ့ သဘောကတော့၊ ဘယ်သောအခါမှ ပြီးဆုံးတယ်လို့ မရှိဘဲ၊ တစ်ဆင့်ပြီး တစ်ဆင့် ကူးပြောင်းတက်လှမ်းကြရတဲ့ အခြေအနေဖြစ်ပါတယ်။ လှိုင်းတစ်ခုနဲ့ တစ်ခု ကျေးဇူးပြုထောက်ပံ့ပြီး၊ တော်လှန်ရေးကို ဆင့်ကာဆင့်ကာ ဆက်စပ်ပေးကြရတာဖြစ်ပါတယ်။ ဒါ့အပြင် အသွင်အပြင် အခင်းအကျင်းမတူတဲ့ ပုံစံနဲ့ အသွင်ပြောင်း ရှေ့ဆက်ကြရတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထည့်ဝင်မြှုပ်နှံခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့ ဆင့်ကဲလှိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကို ယခု ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းဦးဆောင် ရှေ့ဆက်နေကြ ပါတယ်။
ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အကြောင်း ပြောဆိုရာမှာ ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မေ့ထား/ ဖျောက်ထားလို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့ အဖွဲ့ခေါင်းဆောင်ဆိုတာထက်ပိုပြီး နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ကျွန်တော်တို့ လေးစားအားကျတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်မင်းအောင်လှိုင်နှင့် စစ်အုပ်စုက မတရားဖမ်းဆီးချုပ်နှောင် ခံထားလျက် ရှိပါတယ်။ ကျွန်တော်တို့အားလုံးအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားများအားလုံး လွတ်မြောက်ရေးကို ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။ ဒီလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီခေါင်းဆောင်များ မတရားဖမ်းဆီး ထိန်းသိမ်းခံ ထားရချိန် ပါတီကို ဦးဆောင်နေတဲ့ တာဝန်ရှိသူများအနေနဲ့လည်း ဒီလိုခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးကာလမှာ ပါတီကို စုစည်းအောင် လုပ်ဆောင်နိုင်တဲ့အတွက် နွေဦးတော်လှန်ရေး တစ်ခုလုံးအတွက် ခွန်အားဖြစ်ကြောင်း ပြောကြားလိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သမိုင်းပေးတာဝန်တွေကို ဆက်လက်ထမ်းရွက်နေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအပါအဝင် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် အထောက်အပံ့ပေးတဲ့ (အတုအယောင်ရွေးကောက်ပွဲလို) လုပ်ရပ်တွေကို ဆန့်ကျင်တဲ့နေရာမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နွေဦးတော်လှန်ရေးအင်အားစုအားလုံးနဲ့ တစ်သားတည်း တည်ရှိပြီး ဦးဆောင်ဦးရွက်ပြု ပါဝင်နေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်လာအောင် ဆက်လက်ကူညီပေးဖို့ မေတ္တာရပ်ခံချင် ပါတယ်။ လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖို့အတွက် သမိုင်းအစဉ်အလာကြီးမားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ် လုံးက ဆက်လက် အလိုရှိနေကြပါတယ်။
နွေဦးတော်လှန်ရေးမှာရှိတဲ့ အင်အားစုအားလုံးရဲ့ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတို့မှာ ခိုင်မာတဲ့ နိုင်ငံရေးပဋိညာဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိလာဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါဝင်ဆောင်ရွက်မှုတွေဟာ ပြည်ထောင်စုအရေးတစ်ခုလုံးအတွက် အထူးအရေးကြီးကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား….အရေးတော်ပုံမုချအောင်ရမည်။