(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်)
လေးစားအပ်ပါသော နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ဥက္ကဋ္ဌ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကိုယ်စားလှယ်များ၊ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုများအားလုံးနှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှု ဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ မန္တလေး ဒေသမှ တော်လှန်ရေးအင်အားစုကိုယ်စားလှယ်များနဲ့ ပြည်သူလူထုတစ်ရပ်လုံးကို လေးစားစွာ ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။
ဒီကနေ့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ “ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ” ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးဖွင့်ပွဲမှာ အမှာစကား ပြောကြားခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီနေ့ဟာ မန္တလေးဒေသအတွက်သာမက တစ်နိုင်ငံလုံးရဲ့ နွေဦးတော်လှန်ရေးခရီးမှာ အရေးပါတဲ့ သမိုင်းဝင်မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်တဲ့ နေ့တစ်နေ့ ဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကစလို့ စစ်အာဏာရှင်တစ်စုရဲ့ မတရား အာဏာလုယူမှုကို မခံနိုင်ကြတဲ့ မန္တလေးမှပြည်သူများဟာ အခြားဒေသတွေနည်းတူ အကြမ်းဖက် အာဏာရှင်ကို ခုခံတော်လှန်ခဲ့ကြပြီး သပိတ်တိုက်ပွဲတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို စုစုစည်းစည်း ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါတယ်။ အဲ့ဒီကမှတဆင့် နွေဦးတော်လှန်ရေးကာလအစကတည်းက မန္တလေး ဒေသမှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေဟာ တစ်စုတစ်စည်းတည်း ရှိနေကြဖို့၊ လှုပ်ရှားမှုတွေ ကို စနစ်တကျ ညှိနှိုင်းဆောင်ရွက်နိုင်ကြဖို့အတွက် မန်းတိုင်းဆုံဆည်းရာလို ပလက်ဖောင်းမျိုးကို ဖန်တီးတည်ဆောက်ခဲ့ကြပြီး နိုင်ငံရေး၊ စစ်ရေးကိစ္စတွေကို ပုံမှန်ဆွေးနွေးတိုင်ပင်ကာ အင်အားတွေ ပိုမိုစုစည်းလာခဲ့တာကို ကျွန်တော်တို့အားလုံး တွေ့မြင်ကြရပါတယ်။
နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် အင်အားစုအချင်းချင်း ပိုမိုကျယ်ပြန့်စွာပေါင်းစပ်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုလိုအပ်တယ်ဆိုတာကို မန္တလေးဒေသက ခေါင်းဆောင် တွေဟာ အစောကြီးကတည်းက ကြိုတင်မြင်ခဲ့ကြပုံပါပဲ။ ဒါကြောင့် ၂၀၂၃ ခုနှစ်၊ နှစ်လယ်ပိုင်း ကတည်းက ကြားကာလအစီအမံတစ်ခု ပေါ်ပေါက်လာစေဖို့ စတင်ဆွေးနွေးခဲ့ကြပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို အခြေခံကာ တိုင်ပင်ညှိနှိုင်းမှုတွေ အများကြီးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ကမှတဆင့် မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်း ရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီကို တရားဝင်ဖွဲ့စည်းနိုင်တဲ့အထိ စုစုစည်းစည်း လှုပ်ရှားခဲ့ ကြတာကို သိရလို့ အင်မတန်ဝမ်းသာရပါ တယ်။
ဒီကော်မတီဟာ အစုအဖွဲ့ခြောက်ခုမှ ကိုယ်စားလှယ် ၄၀ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး၊ အဲဒီအထဲမှာ အစုအဖွဲ့အသီးသီးမှ အားလုံးပါဝင်နိုင်တဲ့ ကိုယ်စားပြုမှုတစ်ခုကို ဖော်ဆောင်နိုင်ခဲ့တာဟာလည်း ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ ဒီမူကြမ်းဟာ မန္တလေးဒေသက ပြည်သူတွေရဲ့ သဘောဆန္ဒတွေ၊ အကြံပြုချက်တွေကို မြေပြင်ကွင်းဆင်းပြီးသော်လည်းကောင်း၊ Online ကနေသော်လည်းကောင်း၊ နားထောင်ရယူပြီး ရေးဆွဲခဲ့တာ ဖြစ်သလို တိုင်ပင်ဆွေးနွေးသင့်တဲ့ အစုအဖွဲ့အသီးသီးနဲ့လည်း တိုင်ပင် ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး ရေးဆွဲခဲ့တယ်လို့ သိရတဲ့အတွက် မန္တလေးဒေသရဲ့ အခြေအနေကို အမှန်တကယ် ထင်ဟပ်ပြီး၊ လက်တွေ့ကျတဲ့ အစီအမံတစ်ခု ဖြစ်လာမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ဒီနေ့စတင်မယ့် ပထမအကြိမ် “ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ” အစည်းအဝေး ဟာ ဒီမူကြမ်းကိုပဏာမအတည်ပြုမယ့် ခြေလှမ်းဖြစ်ပြီး ဒီကနေ့တဆင့် အဆင့်ဆင့် လုပ်ဆောင် သွားရမယ့် အဆင့်တစ်ခုချင်းစီကို စုစည်းအင်အားတွေနဲ့ ကောင်းမွန်စွာ အောင်အောင်မြင်မြင် ရှေ့ဆက်နိုင်ကြမယ်လို့လည်း အပြည့်အဝ ယုံကြည်ပါတယ်။
ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း ဒေသအလိုက် ပေါ်ထွက် လာမယ့် ဒီလိုနိုင်ငံရေးအစီအမံတွေကို အစဉ်အမြဲ ထောက်ခံအားပေးနေမှာ ဖြစ်သလို လိုအပ်တဲ့ ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက်လည်း အဆင်သင့်ရှိနေကြောင်း ပြောကြားလို ပါတယ်။ ဒီလိုဒေသအဆင့် စုဖွဲ့မှုတွေဟာ နောင်တစ်ချိန်မှာ တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ခိုင်မာတဲ့ အုတ်မြစ်တွေ ဖြစ်လာမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူစွာ ပူးပေါင်းပါဝင်သွားမယ်ဆိုတဲ့အကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ မန္တလေးဒေသက ခေါင်းဆောင်တွေနဲ့ ပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုဟာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အနာဂတ်ကို ဖန်တီးပုံဖော်နေခြင်းပဲ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ဒီနေ့ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ ပထမဆုံးအစည်းအဝေး အောင်မြင်ပါစေ၊ ဒီအစီအမံမူကြမ်းဟာလည်း မန္တလေးဒေသရဲ့ အနာဂတ်အတွက် တောက်ပတဲ့ အလင်းရောင်တစ်ခု ဖြစ်လာပါစေ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး တော်လှန်ရေးအောင်ပွဲ အမြန်ဆုံး ရရှိပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။