ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်
၁။ မဟာမိတ် တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-လားရှိုးရထားလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားအား သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်ဖက်မှ လေကြောင်းပစ်ခတ်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများဆက်တိုက် ပြုလုပ်နေ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့မှ မဟာမိတ်တို့နှင့် ဆက်သွယ်ညှိနှိုင်းပြီး ဂုတ်ထိပ်တံတား နှင့် တံတားအနီးသဘာဝဝန်းကျင် တို့အား ရှမ်းပြည်မြောက်ပိုင်း၏ ကြားကာလအမွေအနှစ်စာရင်း – ၁ တွင် စက်မှုအမွေအနှစ်နှင့် သဘာဝအမွေအနှစ်အဖြစ် ကြေညာချက်အမှတ် ၆/၂၀၂၄ ကို ၂၀၂၄ ခု ဩဂုတ်လ ၂၀ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ပါသည်။
၂။ ၂၀၂၅ ခု ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၏ ကြားကာလအမွေအနှစ်ဖြစ်သော ဂုတ်ထိပ်တံတားအား ဗုံးခွဲဖျက်ဆီးခြင်းခံရသည်ဟူသော သတင်း ဖြစ်ပေါ်မှုအပေါ် မဟာမိတ် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ တာဝန်ရှိသူတို့၏ ဖြေကြားချက်အရ မိမိတို့နယ်မြေအမွေအနှစ်အပေါ် ချစ်ခင်မြတ်နိုး၍ ပြုပြင်ထိန်းသိမ်းရန်သာ ဆန္ဒရှိကြောင်း၊ ကြေညာချက် ၆/၂၀၂၄ ပါ တားမြစ်ချက်များအား ကျူးလွန်ခြင်းမရှိကြောင်း၊ အကြမ်းဖက်စစ်တပ်ဖက်မှ စစ်ရေး၊ နိုင်ငံရေး ရည်ရွယ်ချက်များဖြင့် ကျူးလွန်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
၃။ ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လကုန် အတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ ခိုလိတ်ရထားလမ်းတံတား၊ မန်စံရေကျကြိုးတံတား၊ မန်ပွဲတံတား၊ စွတ်လန်းတံတား များအား ဗုံးခွဲဖျက်ဆီးခဲ့ခြင်း၊ (၂၈-၂-၂၀၂၂) ရက်နေ့ မှ (၁၅-၈-၂၀၂၄) ရက်နေ့ အတွင်း တိုက်ခိုက်မှု ၂၃၁ ကြိမ် တွင် ရှေးဟောင်းအမွေအနှစ်နှင့် သာသနိကအဆောက်အဦ ၂၃၁ ခု ပျက်စီးခဲ့ခြင်း၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများရှိ ကျေးရွာများအားမီးရှို့ခဲ့ခြင်း၊ ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း လေကြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်း၊ ၂၀၂၅ ဇူလိုင်နှင့် ဩဂုတ်လထဲတွင် စစ်ကိုင်းတိုင်း လင်းတလူကျေးရွာဘုန်းကြီးကျောင်း၊ မန္တလေးတိုင်း စကားပင်ရွာဘုန်းကြီးကျောင်း၊ မွန်ပြည်နယ် ချမ်းမြေစုဘုန်းကြီးကျောင်းများကို ဗုံးကြဲခြင်း၊ ၂၀၂၅ခု ဩဂုတ်လ ၂၅ရက်နေ့တွင်လည်း အမွေအနှစ်နယ်မြေ မြောက်ဦးဒေသကိုဗုံးကြဲခြင်း စသည့် စက်မှုအမွေအနှစ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များစွာကို ဖျက်ဆီးခြင်း၊ အမွေအနှစ်နယ်မြေရှိ လူအမြောက်အများကို သေဆုံးဒဏ်ရာရစေခြင်း များရှိခဲ့ပါသည်။
၄။ သို့ဖြစ်၍ ရှမ်းပြည်မြောက်ပိုင်း၏ကြားကာလအမွေအနှစ်ဖြစ်သော ဂုတ်ထိပ်တံတား ပျက်စီးမှု အတွက် IBHA မှ နှမြောဝမ်းနည်းကြောင်း၊ ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်တပ်အား ပြင်းထန်စွာ ရှုံ့ချကြောင်း၊ ကြေညာချက် ၆/၂၀၂၄ ပါ အရေးယူမှုများပြုလုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် ညီနောင် မဟာမိတ်တို့၏ အမွေအနှစ်များအား ပူးပေါင်းကာကွယ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် လိုက်သည်။
အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့
အမျိုးသားညီညွတ်ရေးအစိုးရ