၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်
ဒီကနေ့ဟာ ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာတာ (၃) နှစ်တိတိ ပြည့်မြောက်တဲ့ နေ့ဖြစ်တယ်။ ခုခံတော်လှန်စစ်အတွင်းမှာ မိမိတို့ရဲ့ အသက်နဲ့ ခန္ဓာကို တိုင်းပြည်နဲ့ လူထုအတွက် ပေးဆပ်မြှုပ်နှံခဲ့တဲ့ သူရဲကောင်း၊ အာဇာနည်အပေါင်းကို ကျွန်ုပ် အလေးအမြတ်ပြု ဦးညွှတ်ပါတယ်။
ယခု နွေဦးတော်လှန်ရေးအတွင်းက ခုခံတော်လှန်စစ်ဟာ အတိတ်က ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးသမိုင်းတို့ထက် ပိုမိုကျယ်ပြန့်တဲ့၊ ဘက်ပေါင်းစုံ အလွှာပေါင်းစုံက ပါဝင်တဲ့ လူထုတော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲနေခြင်းဖြစ်တယ်။ ပြည်သူလူထုတရပ်လုံးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် ခုခံတော်လှန်စစ်အတွင်းမှာ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တော်လှန်တိုက်ပွဲဝင်ပြီး၊ နိုင်ငံသစ်သမိုင်းကို ရေးထွင်းနေခြင်းဖြစ်တယ်။ အနာဂတ်သမိုင်းသစ်ကို ရေးထွင်းတဲ့နေရာမှာ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းသာယာပြီး လွတ်လပ်သော လူ့ဘောင်သစ်ကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးနဲ့အတူ အုတ်မြစ်,တည်နေခြင်းဖြစ်တယ်။
ခုခံတော်လှန်စစ် ကြေညာတဲ့ (၃) နှစ်တာကာလ ပြည့်မြောက်တဲ့ အချိန်ကာလမှာ၊ ခုခံတော်လှန်စစ်မှသည် မဟာဗျူဟာမြောက်စစ်ရေးထိုးစစ်သို့ အသွင်ကူးပြောင်းလာနိုင်ပြီ ဖြစ်တယ်။ နိုင်ငံ့ရဲ့ နယ်နိမိတ်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအသီးသီးကလည်း မိမိတို့ နယ်ပယ်ဒေသတွေမှာ လွတ်မြောက်ဒေသနဲ့ ထိန်းချုပ်နယ်မြေတွေကို ဖော်ဆောင်နိုင်ရုံမျှမက၊ တိုင်းရင်းသားအင်အားစုအချင်းချင်း ပူးပေါင်းတည်ဆောက်ထားတဲ့ စစ်ရေးမဟာမိတ်တပ်ပေါင်းစုတိုက်ပွဲတွေကိုလည်း ကျယ်ပြန့်စွာ ဖော်ဆောင်ထားနိုင်ပြီး ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီအနေနဲ့ စစ်ရေးယန္တရားကို အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေကို အဆက်မပြတ် လုပ်ဆောင်လာတာတွေ့ရတယ်။ ခုခံတော်လှန်စစ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီဟာ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တအိအိ ပြိုကျနေတာဟာ အထင်အရှားဖြစ်တယ်။ ဒါ့ကြောင့်လည်း အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး လေကြောင်းအင်အားကို အဓိကထားပြီး၊ အကြမ်းဖက်စစ်ကောင်စီဟာ ၎င်းတို့ရဲ့ အရှုံးကို ဖာထေးဖို့ ကြိုးစားနေခြင်းဖြစ်တယ်။ စစ်ကောင်စီဟာ လူထုရဲ့ အသက်နဲ့ ခန္ဓာကို စတေးပြီး ၎င်းတို့ရဲ့ အာဏာအဆောက်အအုံကို မြဲမြံစေရေးအတွက် အသုံးချနေတာကို တွေ့ရတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ စစ်ရေးယန္တရား၊ စစ်ဗျူရိုကရေစီယန္တရားနဲ့ စစ်အာဏာရှင်တို့ရဲ့ လက်ဝေခံ အသိုင်းအဝိုင်းဟာ အကြမ်းဖက်စစ်ကောင်စီကို သက်ဆိုးရှည်အောင်၊ အသက်ရှုပေါက်ချောင်အောင် ဆက်လက်ပံ့ပိုးပေးနေကြတယ်။ တရားသောခုခံတော်လှန်စစ်ဟာ အဆုံးသတ်မှာ မုချ အနိုင်ရရှိလိမ့်မယ်လို့ ကျွန်ုပ် ယုံကြည်တယ်။
အဆုံးသတ်အချိန်မှာ၊ လူထုတရပ်လုံးရဲ့ အထွေထွေ အောင်ပွဲအရပ်ရပ်ဟာ ပြည်သူလူထုအားလုံးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာ ဖြစ်တယ်။ လက်ရှိ ခုခံတော်လှန်စစ်လှိုင်းလုံးတွေဟာ တရိပ်ရိပ်နဲ့ စစ်အာဏာရှင်ယန္တရားအသီးသီးကို တိုက်စားဖြိုဖျက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးအတွက် ပုဒ်မ (။) ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာ အပြောမဟုတ်ဘဲ ခုခံတော်လှန်စစ် (၃) နှစ်တာကာလမှာ အလုပ်နဲ့ သက်သေပြပြီး ဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း ကာယကံမြောက် ပေါ်ထွက်လာမယ့် လူထုအောင်ပွဲတွေကို ထပ်မံ ဖော်ထုတ်နိုင်ဖို့ ရှိနေတယ်။
ဒီနေရာမှာ အရေးတော်ပုံတပ်သားတွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ “ပြည်သူ့ကာကွယ်ရေး” ဆိုတဲ့ အမည်နာမနဲ့ ကိုက်ညီအောင် မိမိတို့ရဲ့ တော်လှန်ရေးအနှစ်သာရကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အထူးလိုအပ်တယ်။ တော်လှန်ရေးကျင့်ဝတ်နဲ့ တရားသောစစ်ရဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ စည်းစိမ်ကို မိမိတို့အသက်နဲ့ ထပ်တူ ကာကွယ်စောင့်ရှောက်ကြဖို့ ဖြစ်တယ်။ လူထုရဲ့ နှလုံးသည်းပွတ်ကို ပိုင်စိုးနိုင်သူဟာ တော်လှန်ရေးအောင်ပွဲရဲ့ ပဲ့ကိုင်ရှင် ဖြစ်နိုင်တယ်ဆိုတာ မမေ့အပ်ဘူး။
ခုခံတော်လှန်စစ်မှာ တော်လှန်ရေးခံယူချက်၊ တော်လှန်ရေးယုံကြည်ချက်ကို မြဲမြံစွာနဲ့ မိမိတို့ ကျရာ အခန်းကဏ္ဍကနေ အလွှာအသီးသီး၊ နယ်ပယ်အသီးသီးနဲ့ ကဏ္ဍအသီးသီးကနေ ပါဝင်ထမ်းရွက်နေကြတဲ့ တော်လှန်ရေးတပ်သားအပေါင်းကို လေးမြတ်စွာ ဦးညွှတ်ကြောင်း ပြောချင်တယ်။ မတူကွဲပြားမှုတွေကို အချင်းချင်းအကြား အသိအမှတ်ပြုပြီး၊ ဘုံရန်သူကို အမြစ်ပြတ်အောင် တွန်းလှန်တိုက်ထုတ်ကြဖို့ ဖြစ်ပါတယ်။ စစ်အာဏာရှင်ရဲ့ အကျင့်စရိုက်တွေဟာ ခေတ်စနစ်ထဲမှာ အရိုးစွဲအောင် အမြစ်တွယ်နေတာဖြစ်ခြင်းကြောင့်၊ ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေးအပြင် နာမ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်တဲ့ စနစ်အရ တော်လှန်ခြင်း၊ ဓလေ့အရ တော်လှန်ခြင်းနဲ့ အတွေးအခေါ်အရ တော်လှန်ခြင်းတွေအထိပါ ကျယ်ပြန့်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။
နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးစစ်စစ်ဖြစ်တယ်။ ခုခံတော်လှန်စစ်ဟာ မြေပေါ် မြေအောက် နေရာအနှံ့ တတိုင်းပြည်လုံး အုံကြွတော်လှန်တဲ့ ခုခံတော်လှန်စစ်ဖြစ်တယ်။ ဒါ့အပြင် လူတန်းစားအစုံ၊ လူမျိုးပေါင်းစုံ၊ အင်အားစုပေါင်းစုံ မိမိတို့ နေရာဌာနအလျှောက် တော်လှန်ကြတဲ့ အကျယ်ပြန့်ဆုံးသော တော်လှန်ရေးလှိုင်းကြီးဖြစ်တယ်။ လက်နက်ကိုင်လမ်းစဉ်အရသော်လည်းကောင်း၊ နိုင်ငံရေးလမ်းစဉ်အရသော်လည်းကောင်း၊ လူထုလမ်းစဉ်အရသော်လည်းကောင်း စစ်အာဏာရှင်စနစ်ကို အမြစ်လှန်တော်လှန်တဲ့ တော်လှန်ရေးဒီရေမုန်တိုင်းဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ရဲ့ အဆောက်အအုံဟောင်းတွေအားလုံးကို အပြီးသပ်ရှင်းလင်းအောင်အထိ ဖြိုချ သန့်စင်ပစ်မှာ ဖြစ်တယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးဘက်တော်သားအားလုံးဟာ ဘယ်သို့သော အခြေအနေမှာမဆို လူထုနဲ့ တသားတည်း ရှိရေး၊ လူထုနဲ့ အတူ ရှိရေးဟာ တော်လှန်ရေးရဲ့ အခြေခံအမူအကျင့် ဖြစ်ဖို့ အထူးလိုအပ်တယ်။
ပြည်သူလူထုနဲ့ အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ်ရဲ့ အဆောက်အအုံဟောင်းအားလုံးကို အတူတကွ ရှင်းလင်းသုတ်သင်ဖို့ နောက်ဆုံးတကြိမ် အားစိုက် ရုန်းထကြပါစို့…။
ဒူဝါလရှီးလ
ယာယီသမ္မတ၊အမျိုးသားညီညွတ်ရေးအစိုးရ