“ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်”

၂၀၂၅ ခုနှစ်၊ မေလ (၃) ရက်
မြန်မာနိုင်ငံသည် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့အာဏာကို မတရား လုယူရန် ကြိုးစားနေပြီး အဆိုပါလုပ်ရပ်နှင့် ဖြစ်စဉ်ကို ပြည်သူလူထုတရပ်လုံးနှင့် တော်လှန်ရေး အင်အားစုများ အားလုံး က ပူးပေါင်း တော်လှန်ပြောင်းလဲရန် ကြိုးစားနေကြရသည့် အချိန်ကာလကို ဖြတ်သန်းနေရချိန်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းရန် ကြိုးစားမှုဖြစ်စဉ် အဆုံးသတ်ပြီး ပြည်သူလူထုတရပ်လုံး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိရေးအတွက် ကြိုးစားနေကြသည့် ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးတွင် လွတ်လပ်စွာ ရေးသား ထုတ်ဖော် ပြောဆိုခွင့်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်သည်လည်း အထူးပင် အရေးကြီးသည့် အခန်းကဏ္ဍတရပ်အဖြစ် ပါဝင်နေသည်။
မှန်ကန်သော သတင်းအချက်အလက်များကို ဖုံးကွယ်လိမ်ညာလိုသည့် အကြမ်းဖက်စစ်တပ်သည် သတင်း မီဒီယာများကို ကန့်သတ် ပိတ်ပင်ခြင်း၊ သတင်းသမားများကို မတရား ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။
သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ယနေ့အချိန်အထိ သတင်း သမား (၇) ဦး သတ်ဖြတ်ခံခဲ့ရကာ နောက်ထပ် အယောက် (၂၀၀) ထက်မနည်း မတရား ဖမ်းဆီး ထိန်းသိမ်းခံခဲ့ ကြရသည်။ အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသူများထဲမှ (၄၀) ဦးသည် ယခုအချိန်အထိ မတရား ဖမ်းဆီး ထိန်းသိမ်းခံနေကြရဆဲဖြစ်သည်။ ထို့အပြင် ပြည်တွင်း၌ သတင်းရယူလျက်ရှိကြသော သတင်းမီဒီယာသမားများ အားလုံးသည်လည်း အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီး ပြည်ပသို့ပြောင်းရွှေ့ရန် တွန်းအား ပေးခံနေကြရသည့် အခြေအနေဖြင့်လည်း ရင်ဆိုင်နေကြရသည်။
သတင်းမီဒီယာများနှင့် သတင်းသမားများအပေါ် အကြမ်းဖက်စစ်အုပ်စု၏ မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခြင်း၊ ခြိမ်းခြောက်ဟန့်တားခြင်း စသည့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးမှု မှန်သမျှကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အပြင်းအထန် ကန့်ကွက် ရှုတ်ချသည်။
ထို့အပြင် ထုတ်ပြန်ကြေညာထားပြီးဖြစ်သည့် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထား ရပ်တည်ချက်များအတိုင်း ဆက်လက်ရပ်တည်လျက် တော်လှန်ရေးအင်အားစုများအားလုံးနှင့် ပူးပေါင်း လက်တွဲ၍ လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမို တိုးပွားစေရေး ဆက်လက် ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း ယနေ့ကျရောက် သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်ကြေညာအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top