ဇွန်လ ၂၂ ရက် ၊၂၀၂၄ ခုနှစ်
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထိပ်တန်းအရာရှိတဦးဖြစ်သည့် Principal Deputy Assistant Secretary Bureau Of Democracy, Human Rights, and Labor ဖြစ်သူ Mr. Robert S. Gilchrist နှင့် ဇွန်လ (၂၂)ရက် နေ့ တွင် အမေရိကန်နိုင်ငံခြားရေးဌာန၌ တွေ့ဆုံခဲ့ပါသည်။
အဆိုပါ တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ၊ဆိုးဝါးလာသည့် လေကြောင်းတိုက်ခိုက်မှုများ အထူးသဖြင့် ရခိုင်ပြည်အတွင်း အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေမှုများအကြောင်းတို့ကို တင်ပြခဲ့ပါသည်။
အမေရိကန်နိုင်ငံအစိုးရ အနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ် ယခုထက်ပိုမိုသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် မြန်မာပြည်သူများအပေါ် တိုက်ရိုက် အကျိုးရှိသော ကူညီမှုများ ပေးနိုင်ရန် တိုက်တွန်း ပြောဆိုခဲ့ပါသည်။
ထို့ပြင် အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများနှင့် ပတ်သက်၍ ပိုမိုပြင်းထန်ပြီး ပူးပေါင်းဆောင်ရွက်မှု ရှိသည့် စီးပွားရေးနှင့် လက်နက်တင်ပို့မှု ပိတ်ဆို့ခြင်း အပါအဝင် အရေးယူဆောင်ရွက်မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်ရန်၊ အကြမ်းဖက်စစ်အုပ်စုက စနစ်တကျ ကျူးလွန်နေသည့် လူ့အခွင့်အရေးနှင့်လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းများကြောင့် ထွက်ပြေးတိမ်းရှောင်လာသောသူများ ၊အဓမ္မ စစ်မှုထမ်း ဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ်မျိုးဆက်သစ်များကို တိုက်ရိုက် ကူညီမှုများ အမြန်ဆုံးလုပ်ဆောင်ပေးနိုင်ရန် ဆွေးနွေးခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး ယခုထက် ပိုမိုထိရောက်သော အရေးယူဆောင်ရွက်မှုများနှင့် ကူညီမှုများ လုပ်ဆောင်သွားမည့် အကြောင်း ကတိပြု ပြောကြားခဲ့ပါသည်။
National Unity Government
