ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား မတူကွဲပြားသည့်သဘောထားအမြင်များ၊ ပဋိပက္ခများကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် လေးနက်စွာတိုက်တွန်းခြင်း

ချစ်လှစွာသော
ချင်းအမျိုးသားတပ်ဦး (CNF/CNA)
ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟွားငိုးလ်ရမ်း (CDF-Hualngoram)
ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)
ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား မတူကွဲပြားသည့်သဘောထားအမြင်များ၊ ပဋိပက္ခများကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် လေးနက်စွာတိုက်တွန်းခြင်း
၂၀၂၅ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့မှစ၍ ချင်းပြည်နယ်အတွင်းရှိ ချင်းတော်လှန်ရေး လက်နက်ကိုင်များ ဖြစ်သော Chin National Defense Force – CNDF နှင့် Chin National Front/ Chin National Army (CNF/CNA), Chinland Defense Force- Hualngoram တို့အကြား တိုက်ပွဲ ဖြစ်ပွားခြင်းနှင့် စစ်ရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဝမ်းနည်းဖွယ်ကြားသိရပါသည်။
ယနေ့အချိန်အခါသည် ဘုံရန်သူဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီကို တိုင်းရင်းသားပြည်သူလူထု တရပ်လုံးမှ ဝိုင်းဝန်းတော်လှန်နေချိန်ဖြစ်သည့်အတွက် တော်လှန်ရေး အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန် နားလည်ယုံကြည်မှုတို့ကို လက်တွဲခိုင်မာစွာ တည်ဆောက်ထားရ မည့် အချိန်အခါဖြစ်သည်။
တော်လှန်ရေးအင်အားစုများကြား၌ ပဋိပက္ခများ၊ မတူကွဲပြားသည့် သဘောထားအမြင်များ ပေါ်ပေါက် လာပါက လက်နက်ဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုကို ကိုင်စွဲထားမှသာလျှင် တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဟု ယုံကြည်ပါသည်။
သို့ဖြစ်ပါ၍ ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအကြား မတူကွဲပြားမှုများကို စစ်ရေးနည်းလမ်း ဖြင့် အဖြေရှာရန် လုပ်ဆောင်မှုများကို သက်ဆိုင်ရာ ပါဝင်ပတ်သက်သည့် ချင်းလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးက ချက်ခြင်းရပ်တန့်၍ ချင်းလူထုတရပ်လုံး လိုလားသည့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် နိုင်ငံရေး စားပွဲဝိုင်းတွင်သာ ညှိနှိုင်းအဖြေရှာကြရန် အထူးတိုက်တွန်းလိုပါသည်။
ချင်းပြည်နယ်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအကြား အမြန်းဆုံးငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အဖြေရှာနိုင်၍ စုစည်းညီညွတ်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ပြီး ချင်းလူထုအကျိုး၊ တော်လှန်ရေးအကျိုး ဆက်လက်သယ်ပိုး နိုင်ကြပါစေကြောင်း လေးနက်စွာ တိုက်တွန်းအပ်ပါသည်။
ဒူဝါလရှီးလ
နိုင်ငံတော်ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top