၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့
ကျွန်တော်တို့အနေနဲ့ ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့မှာ မွေးနေ့ရှင်မပါဘဲ ကျင်းပကြရတာဟာ အခုဆိုရင် (၄) နှစ်တိတိ ရှိသွားပြီဆိုတာ အမှတ်ရစေချင်ပါတယ်။ တကယ်တော့ ဒီ (၄) နှစ်တာကာလဆိုတာဟာ၊ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ခက်ခဲသော နှစ်များဖြစ်ခဲ့သလို၊ တိုင်းပြည်နဲ့ လူထုအတွက်လည်း အခက်ခဲဆုံး – အကြမ်းတမ်းဆုံးသော နှစ်ကာလများလည်း ဖြစ်ခဲ့ပါတယ်။
အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းပြည်နဲ့ လူထုတစ်ရပ်လုံးဟာ ဒီလို ခက်ခဲ ကြမ်းတမ်းတဲ့အချိန်တွေကို ဖြတ်သန်းနေကြရဆဲ…ဆိုတာကို၊ ကျွန်တော်တို့ အားလုံး အထူး အမှတ်ရ နေဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့မှာ၊ မွေးနေ့ရှင်အတွက် မွေးနေ့ဆုမွန်စကားတစ်ခု ပြောချင်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျန်းကျန်းမာမာ ဖြစ်ဖို့၊ ကိုယ်စိတ်နှလုံးငြိမ်သက် ခြင်းနဲ့ ငြိမ်းအေးခြင်းကို နှလုံးသွင်းနိုင်ဖို့” ဆန္ဒမွန်ပြုချင်ပါတယ်။
ကျွန်တော်တို့အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အောက်မေ့သတိရ ပြီး၊ တိုင်းပြည်နဲ့ လူထုကို စစ်အာဏာရှင်စနစ်ဆိုးဒဏ်ကနေ လွတ်မြောက်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားနေကြပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဟာ (၈၀) ပြည့်နှစ်တိတိကို ကျရောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို အသက် (၈၀) အရွယ်မှာတောင် တိုင်းပြည်နဲ့ လူထုအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြှုပ်နှံပေးဆပ်မှုဟာ တစ်ချက်မျှ နောက်တွန့်ခဲ့တာ မရှိခဲ့ဘူးဆိုတာကို လေးစားစွာ တွေ့မြင်ခဲ့ရပါတယ်။
ဒါပေမယ့် မွေးနေ့ရှင်ဟာ စစ်အာဏာရှင်သန္ဓေယုတ်တွေရဲ့ မတရားဖမ်းဆီးခြင်းကို ခံထားရတာကြောင့်၊ ကျွန်တော့်အနေနဲ့ အင်မတန် ထိခိုက်ဝမ်းနည်းရပါတယ်။ ဒီဝမ်းနည်းမှုဟာ မနောကံသက်သက် ဝမ်းနည်းမှုလည်း မဟုတ်ဘဲ၊ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင် / မြင်စေချင်တဲ့ “ပြည်သူအားလုံး ကြောက်ရွံ့မှုက လွတ်မြောက်အောင်” ကျွန်တော်တို့ အားလုံး လက်တွေ့ကာယကံမြောက် ကြိုးစားနေ ကြောင်း ပြောကြားချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံမှုကနေ လွတ်မြောက်ဖို့အတွက်၊ သားဖြစ်သူ “Kim” ကိုယ်တိုင်၊ ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ဖိဖိစီးစီးပါဝင်နေတာကို တွေ့ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ “Kim” ဟာ သူ့မိခင် အသက် (၈၀) ပြည့်အချိန်အထိ၊ အကျဉ်းကျခံနေရလိမ့်မယ်လို့ မျှော်လင့်ထား မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးလောကဓံတွေကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ မိခင်ဖြစ်သူ အတွက် သားဖြစ်သူ “Kim” ဟာ၊ လေးစား ဂုဏ်ယူနေမှာ အသေအချာဖြစ်တယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သားဖြစ်သူ “ကင်ရဲ့ မိခင်” ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုမိခင် တစ်ယောက်ဖြစ်တယ်လို့လည်း ကျွန်တော်တို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ချစ်ခင်လေးစားတဲ့ မြန်မာပြည်သူလူထုဟာ သန်းနဲ့ချီ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ယုံကြည်ထားတဲ့ ပြည်သူလူထုဟာလည်း သန်းပေါင်းများစွာ ရှိပါတယ်။ မြန်မာ့နိုင်ငံရေး သမိုင်းမှာ အကြီးကျယ်ဆုံးသော လူထုထောက်ခံမှုကို ရရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဟာ အခုလို အသက် (၈၀) ပြည့် မွေးနေ့မှာ၊ အကျဉ်းကျခံနေရပြီး ဖြတ်သန်းနေရတယ်ဆိုတာ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးရဲ့ ဆုတောင်းမေတ္တာတွေကို မွေးနေ့ရှင်ဟာ သိမ်မွေ့စွာ ရရှိခံစားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အခမ်းအနားနဲ့အတူ၊ တစ်လက်စတည်း ပြောဖို့ ရှိတာကတော့ – လူထုတော်လှန်ရေး / နွေဦးတော်လှန်ရေးအကြောင်းပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထု သဘောထားနဲ့ သွေဖီသောလုပ်ရပ်များကို မလုပ်ခဲ့သလို၊ ကျွန်တော်တို့အနေနဲ့လည်း လူထုသဘောထား နဲ့ သွေဖီသော မည်သည့်လုပ်ရပ်မျိုးကိုမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြည်သူကို ကတိပြုပါတယ်။
နွေဦးတော်လှန်ရေးမှာ စံတန်ဖိုးတွေ ရှိပါတယ်။ ဒီစံတန်ဖိုးတွေဟာ ပြည်သူတွေရဲ့ နှလုံးသား အသည်းအိမ်ကနေ မွေးဖွားသန့်စင်ပြီး အတည်ပြုပြဋ္ဌာန်းထားတဲ့ နှုန်းစံတန်ဖိုးတွေဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဖျက်သိမ်းရေးဟာ နွေဦးတော်လှန်ရေးရဲ့ မူလလုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင် ဖြစ်ပါ တယ်။ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် လူထုတော်လှန်ရေးနည်းနဲ့ လူထုနိုင်ငံရေး နည်းပေါင်းစပ်ပြီးတော့ တွန်းလှန်တိုက်ပွဲဝင်ကြဖို့ဟာ နွေဦးတော်လှန်ရေးရဲ့ အခြေခံလမ်းစဉ် ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးဖြစ်တာကြောင့် လူထုသာ အခရာဖြစ်ပါတယ်။ လူထုက ရွေးချယ်တဲ့ ခေါင်းဆောင်မှုကသာလျှင် အစစ်အမှန်ဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းပြည်ရဲ့ အနာဂတ်လုပ်ငန်းစဉ်တွေကို လျှောက်လှမ်းတဲ့အခါမှာ မူအပေါ်မှာ အခြေခံဖို့ / လူထုအပေါ်မှာ အခြေခံဖို့ လိုကြောင်း ပြောကြားချင်ပါတယ်။
နိုင်ငံရေးမှာ မူအပေါ်မှာ အခြေခံတဲ့ လုပ်ရပ်တွေနဲ့ အင်စတီကျူးရှင်းအပေါ်မှာ အခြေခံတဲ့ စည်းနှောင်မှု တွေကို ပေါင်းစပ်တည်ဆောက်မှသာ လူထုနိုင်ငံရေးဟာ ခရီးရောက်နိုင်တယ်လို့ ပြောနိုင်ပါတယ်။ တိုင်းပြည်ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ မူအရ တိတိကျကျ ရှိထားပြီးဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ တိုင်းပြည်နဲ့ လူထုကို ငြိမ်းချမ်းသော / တည်ငြိမ်သော လူ့ပတ်ဝန်းကျင်မှာ လူချင်းတူတူ / သူချင်းမျှမျှ ၊ လွတ်လွတ်လပ်လပ် ရှင်သန်နေတာကို မြင်ချင်ပြီလို့ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ၊ ကျွန်တော့်အနေနဲ့ ကရုဏာဒေါသောဟန်ပါတဲ့ စကားတွေကို ပြောဖို့ မရည်ရွယ်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရှေ့ရှုပြီး တိုင်းပြည်နဲ့ လူထု ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်း စကားရပ်တွေကိုပဲ အထူးပြုပြောချင်ပါတယ်။
တချို့သော စကားရပ်တွေကိုလည်း ကြားနေရတာက ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှ လုပ်မယ်/ ကိုင်မယ်ဆိုတဲ့ သဘောထားတွေလည်း တွေ့ရကြားရပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာ ရင်လည်း တိုင်းပြည်နဲ့ လူထုငြိမ်းချမ်းတည်ငြိမ်ဖွံ့ဖြိုးဖို့ ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်။ လောလောဆယ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်နိုင်သေးခင် အချိန်မှာလည်း၊ တိုင်းပြည်နဲ့ လူထု ငြိမ်းချမ်းဖို့၊ “အကြောက်တရားက လွတ်မြောက်ဖို့” ကြိုးစားနေရမှာ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) အရွယ်ရောက်လာတာတောင်၊ နောက်မျိုးဆက် ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့ လူထုတာဝန် တွေကို ပုခုံးပြောင်းထမ်းဆောင်ဖို့ ကိုယ်စွမ်းကိုယ်စ ချိနဲ့နေတာမျိုး ဖြစ်လို့ မရဘူးလို့ ပြောချင်ပါတယ်။ အဲသည့်လို ဖြစ်နေရင်လည်း မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြားရရင် စိတ်မကောင်း ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။
ရှေ့မျိုးဆက်ခေါင်းဆောင်တွေထက် တိုင်းပြည်နဲ့ လူထုက အားကိုးထိုက်သော မျိုးဆက်သစ် ခေါင်းဆောင်များကို ပြည်သူက အလိုရှိနေပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း “မိဘထက် တော်သော သားသမီး”၊ “ဆရာ့ထက်တော်သော တပည့်” တွေဖြစ်အောင် လူ့အဖွဲ့အစည်းကို ရေခံမြေခံကောင်း ဖန်တီးပေးဖို့ အမြဲ ကြိုးစားနေကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။
အရေးတော်ပုံမုချအောင်ရမည်။
