ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းရန် အကြမ်းဖက်စစ်အုပ်စု၏ ကြိုးစားအားထုတ်မှုအပေါ် သတင်းထုတ်ပြန်ချက်

နိုင်ငံခြားရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက် (၃/ ၂၀၂၄)

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်)

၁။ ပြည်သူများ၏ ဒီမိုကရေစီဆန္ဒမဲများဖြင့် ရွှေးကောက်တင်မြှောက်ခံထားရသည့် ပြည်ထောင်စု လွှတ်တော်အား ကိုယ်စားလှယ်ပြုသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက “အကြမ်းဖက် အုပ်စု” အဖြစ် ကြေညာထားသော တရားမဝင်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းရန် ကြိုးစားအားထုတ်မှုသည် ဥပဒေအရ ဆောင်ရွက်ပိုင်ခွင့်မရှိရုံမျှမက အာဆီယံဘုံသဘော တူညီချက်များ အပါအဝင်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ပါ တိုက်တွန်းချက်များကို ပြောင်ပြောင်တင်းတင်း မထေမဲ့မြင် ပြုလိုက်သည့် လုပ်ရပ်ဖြစ်သည်။

၂။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ထပ်မံကျူးလွန်ရန် အသင့် ရှိနေကြောင်း ထပ်မံဖော်ပြလိုက်သည့် သက်သေသာဓကလည်း ဖြစ်သည်။

၃။ နောက်ဆက်တွဲရလာဒ်အဖြစ် ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင် သည့် အခြေအနေကို ထပ်လောင်း ဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။

၄။ သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံ၊ ဒေသတွင်းနိုင်ငံ များနှင့် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်အသီးသီးအား အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များကို ထိရောက် စွာ တားဆီးနိုင်မည့် အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Scroll to Top