ထုတ်ပြန်ချက် (၈/၂၀၂၅)
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်)
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့
၁။အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား စစ်ရေး အခြေအနေတင်းမာမှုများ ဖြစ်ပွားလျက်ရှိသည်ကို ကြားသိရပါသည်။ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ယင်းအခြေအနေအား အမြန်ဆုံးငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းပါသည်။
၂။ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ၏ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း နှစ်နိုင်ငံရှိ အရပ်သား ပြည်သူများအား ထိခိုက်မှုများရှိလာသောကြောင့် နှစ်နိုင်ငံ အရပ်သားပြည်သူများ၏ လုံခြုံရေးအတွက် အထူး စိုးရိမ်မိပါသည်။
၃။ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ လက်ရှိ စစ်ရေးအခြေအနေတင်းမာနေသည့် ဒေသများ တွင် ရောက်ရှိနေသူ၊ ခရီးသွားလာနေသူ၊ အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ ရောက်ရှိနေသည့်နိုင်ငံရှိ သက်ဆိုင်ရာ နိုင်ငံ့လုံခြုံရေးတာဝန်ရှိသူများ၏ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေ ညွှန်ကြားချက်များ၊ သတိပေးချက်များအား လိုက်နာဆောင်ရွက်ကြရန် အထူးတိုက်တွန်းပါသည်။
၄။ထိုင်း၊ ကမ္ဘောဒီးယားနှင့် မြန်မာပြည်သူများမှာ လုပ်ငန်းခွင်များတွင် အတူတကွ လုပ်ကိုင် နေထိုင်ကြသည်ဖြစ်ရာ၊ မြန်မာပြည်သူများအနေဖြင့်လည်း ဂရုတစိုက်သတိပြုနေထိုင်ကြပါရန်နှင့် ပဋိပက္ခအား ပိုမိုတင်းမာစေမည့် ပြောဆိုရေးသားမှုများ၊ လူမှုကွန်ရက်တွင် မျှဝေခြင်းများအား ဆင်ခြင်ကြပါရန် အထူးတိုက်တွန်းပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ