၂၀၂၅ခုနှစ်၊ မတ်လ (၁၄) ရက်
ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးစုများအားလုံးသည် လူ့သမိုင်းတလျှောက် တမြေတည်းနေ တရေ တည်းသောက်လျက် အတူယှဉ်တွဲနေထိုင်ခဲ့သူများ ဖြစ်ရုံမက၊ တော်လှန်ရေးအဆက်ဆက် လူမျိုးစု တခုနှင့်တခု ကူညီရိုင်းပင်းလျက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး အလို့ငှာ ဘုံရန် သူကို လက်တွဲတိုက်ပွဲဝင်ခဲ့ကြသူများလည်း ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မဟာမိတ်စာချုပ် ချုပ်ဆိုခြင်းကဲ့သို့သော မြင့်မားသည့် နိုင်ငံရေးယဉ်ကျေးမှုနှင့် အစဉ်လာကောင်းများလည်း ရှိပြီး ဖြစ်ပါ သည်။
၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့တို့သည် ညီညွတ်ရေးမဟာမိတ်စာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး ကချင်အမျိုးသားများ နှင့် ပလောင်အမျိုးသားများသည် နယ်မြေချင်းကပ်လျက် အေးအတူပူအမျှ အတူတကွ နေထိုင် လုပ်ကိုင် စားသောက်လာခဲ့ကြသော အမျိုးသားများဖြစ်ကြောင်းနှင့် နိုင်ငံရေးခံယူချက်ချင်း တူညီကြ ကြောင်း အတိအလင်းဖော်ပြထားပါသည်။ ထို့အပြင် တစ်ဖွဲ့၏အကျိုးကို တစ်ဖွဲ့က အားပေးထောက်ခံ သွားမည်သာမက ကူညီရိုင်းပင်းသွားမည်ဟုလည်း ယင်းစာချုပ်တွင် ဖော်ပြထားသည်။ စာချုပ်ပါ အရေးအကြီးဆုံး မှတ်သားအပ်သည့်အချက်မှာ “အဖွဲ့အစည်းနှစ်ဖွဲ့ကြား ဖြစ်ပေါ်လာတတ်သည့် မည်သည့် ပဋိပက္ခမျိုးကို မဆို မိတ်ဖက်ပဋိပက္ခ ဖြေရှင်းနည်းဖြင့်သာ ဖြေရှင်းသွားမည်” ဆိုသည့် အချက်ဖြစ်ပါသည်။
၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် လူထုနွေဦးတော်လှန်ရေးကာလတွင် လည်း နှစ်ဖက်အဖွဲ့အစည်းများသည် ထားရှိခဲ့သည့် ထာဝရမဟာမိတ်စာချုပ်ကို ဆက်လက် အသိ အမှတ်ပြုကြောင်း ၂၀၂၃ ခုနှစ်၊ မေလ ၂၈ တွင် ပူးတွဲထုတ်ပြန်ခဲ့သည်မှာ များစွာ အားရကျေနပ်ဖွယ် ဖြစ်ပြီး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်နေကြသည့် လူထုကို ခွန်အားဖြစ်စေ ခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲ၏ နှစ်ဖက်ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည့် “အငြင်းပွားဖွယ် သမိုင်း ကြောင်းနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထားဆောင်ရွက်ရန်၊ မမျှော်လင့်သည့် အခက်အခဲများ ပေါ်ပေါက်လာပါက မှန်ကန်သော ဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်း ဖြေရှင်းသွားကြရန်နှင့် ပဋိပက္ခ မပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်း ကြရန်” ဆိုသည့်အချက်မှာ အထူးမှတ်သားဖွယ်ဖြစ်ပြီး အလေးထားအတုယူရမည့် နည်းနာတစ်ခု လည်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယုံကြည်လက်ခံထားပါ သည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ချင်းညီနောင်အဖွဲ့တို့ ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် “တော်လှန်ရေးအင်အားစုများ အချင်းအချင်းကြား ဖြစ်ပွားသော မည်သည့်အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ ဖြေရှင်း ဆောင်ရွက်သွားကြမည်” ဟု ဖော်ပြပါရှိလေရာ ယင်းမှာ KIO/KIA နှင့် PSLF/TNLA တို့၏ ကာလရှည်ကြာ တည်တံ့နေသည့် ထာဝရမဟာမိတ်စာချုပ်ပါ သဘော တူညီချက်နှင့်လည်း ထပ်တူကျ ကိုက်ညီနေသည့်အပြင် အကောင်းဆုံးသော သဘောထားရပ်တည်ချက် လည်းဖြစ်ပါသည်။
နွေဦးတော်လှန်ရေးခေတ်တွင် စစ်အာဏာရှင်အား ဘုံရန်သူအဖြစ်လည်းကောင်း၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအား ဘုံရည်မှန်းချက်အဖြစ်လည်းကောင်း တော်လှန် ရေးအင်အားစုများအကြား ထပ်တူထပ်မျှ မှတ်ယူကြပြီး ဖြစ်ပါသည်။ တော်လှန်ရေးအင်အားစုများ၏ ဟန်ချက်ညီ ကြိုးပမ်းမှုများကြောင့် ယနေ့ဆိုလျှင် ဒေသအလိုက် စစ်ကောင်စီ ကင်းစင်နယ်မြေများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့သကဲ့သို့ စစ်အာဏာရှင် ကျဆုံး၍ တနိုင်ငံလုံးလွတ်မြောက်ရန် လက်တကမ်းသာ လိုတော့သည့် အချိန်သို့ ရောက်ရှိနေပြီလည်း ဖြစ်ပါသည်။
ဤအခြေအနေတွင် ရှမ်းမြောက်ဒေသ၌ ဖြစ်ပေါ်လျက်ရှိသော မြေပြင်အငြင်းပွားမှုအချို့ ကြောင့် ဒေသခံပြည်သူများသာမက နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူလူထုတရပ်လုံး အကြားတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ မိမိတို့တော်လှန်ရေး အဖွဲ့ အစည်းအားလုံးသည် ပြည်သူလူထု၏ လိုလားဆန္ဒကို ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းနေကြသူများပီပီ ပြည်သူများ၏ စိုးရိမ်သောကများ လျော့ကျစေရေး ဖြေလျော့ဆောင်ရွက်ပေးရန်လည်း အထူးတာဝန် ရှိသည့် အလျောက် နှစ်ဖက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက မိတ်ဖက်ပဋိပက္ခများအဖြစ်သာ ရှုမြင်ကြောင်းနှင့် နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းမည်ဆိုသည့် သန္နိဋ္ဌာန်ချမှတ်ထားကြကြောင်းကို ကြား သိရသည့်အတွက် အထူးကြိုဆိုပါသည်။
အဖက်ဖက်ကအင်အားချိနဲ့ အရေးနိမ့်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီအဖို့ တော်လှန်ရေး အင်အားစုများအကြား သပ်လျှိုသွေးခွဲရေးသည် ၎င်းတို့၏ အဓိကဗျူဟာ ဖြစ်လာသည်ဆိုသည့် အချက်ကိုလည်း ကျွန်ုပ်တို့အားလုံး သတိပြုပြီးဖြစ်ပါသည်။ လတ်တလော ပေါ်ပေါက်သော အောက် ခြေ ပွတ်တိုက်မှုများမှသည် လူမျိုးရေးအမုန်းတရားဆီ အပြန့်ကျယ်မသွားစေရန်အတွက် နှစ်ဖက်အဖွဲ့ အစည်းခေါင်းဆောင်များအနေဖြင့် ထိန်းကျောင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။ နှစ်ဖက်မျက် နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းလျှင် ပြဿနာအများစုအား အခက်အခဲမရှိ ဖြေရှင်းပြေလည်စေလိမ့်မည် ဟုလည်း နားလည်ပါသည်။
ယခုရက်ပိုင်းအတွင်းတွင်လည်း နှစ်ဖက်အဖွဲ့အစည်းများအကြား ဗဟိုအဆင့် ဆွေးနွေးမှုများ လုပ်ဆောင်မည်ဟု ဖော်ပြလာခြင်း၊ ပြည်သူလူထု၏ သဘောဆန္ဒကို ရယူမည်ဟု ဖော်ပြလာခြင်းများ သည် အပြုသဘောဆောင်ပြီး ပြည်သူကိုမျက်နှာမူလျက် အရေးကိစ္စများကို ဖြေရှင်းကြမည့် ပြယုဂ် များဖြစ်ကြလေရာ မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆိုပါသည်။ မိမိတို့အားလုံးသည် ပြည်သူကို အဓိကထား၍ တိုင်တည်ဆောင်ရွက်ကြသည့် တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်သည့် အားလျော်စွာ ပြည်သူကို မျက်နှာမူသည့် နည်းနာများဖြင့်သာ မိမိတို့၏ ကြုံတွေ့နေရသည့် အခက် အခဲများကို ရင်ဆိုင်ကျော်လွှား နိုင်မည်ဖြစ်သကဲ့သို့ ပြည်သူက လိုလားတောင့်တလျက်ရှိသည့် ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စု ပန်းတိုင်ကို အရောက်ချီတက်နိုင်မည် ဖြစ်ပါကြောင်းနှင့် နိုင်ငံရေးကိစ္စ များကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ကြရာတွင် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် လိုအပ်သလို ကူညီဆောင်ရွက်ရန် အသင့်ရှိပါကြောင်း လေးစားစွာ ဆန္ဒမွန်ပြုလျက် ယခု မေတ္တာရပ်ခံချက်အား ပန်ကြားပေးပို့အပ်ပါသည်။
National Unity Government