UNITED NATIONS HUMAN RIGHTS COUNCIL
၅၆ ကြိမ်မြောက် အစည်းအဝေး
၉ ၊ ဇူလိုင်လ ၊ ၂၀၂၄
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ မစ္စတာ တွမ်အင်ဒရူး၏ လူ့အခွင့်အရေးကောင်စီတွင် တင်ပြခဲ့သည့် အပြန်အလှန်တုံ့ပြန် ဆွေးနွေး အစီရင်ခံချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံက ကြိုဆိုအပ်ပါသည်။
အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် လိင်/လိင်စိတ် အခြေပြု ဆိုင်ရာ သက်ရောက်မှုများအကြောင်း၊ ဘဏ်များနှင့် နိုင်ငံတကာ အစိုးရများက အကြမ်းဖက် စစ်အုပ်စုကို ဆက်လက် ကူညီပံ့ပိုးနေမှုများအကြောင်း အစီရင်ခံ တင်ပြခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။
ပထမစာတမ်းတွင် “တော်လှန်ရေးအတွင်းက တော်လှန်ရေး၊ ပေါ်ထွက်လာ အုပ်ချုပ်ရေး ယန္တရားများ အတွင်းမှတဆင့် ဖိုဝါဒီကြီးစိုးမှုများကို တွန်းလှန်ခြင်း၊ တာဝန်ခံမှုကို တောင်းဆိုခြင်းနှင့် အနာဂတ် မျိုးဆက်များအတွက် တန်းတူညီမျှမှုနှင့် တရားမျှတမှုကို အာမခံခြင်းများ” အတွက် မရှိမဖြစ် အရေးပါသည့် အမျိုးသမီးခေါင်းဆောင်များ၏ အခန်းကဏ္ဍကို ဖော်ပြထားပါသည်။ ဒုတိယစာတမ်းတွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်ဘက် သုံးပစ္စည်းများ ဝယ်ယူမှုအတွက် ငွေပေးချေမှုများတွင် ပံ့ပိုးကူညီနေသည့် နိုင်ငံခြား ဘဏ် ၁၆ ဘဏ်ကို ဖော်ထုတ်ထားပါသည်။
စာတမ်းနှစ်ခုစလုံးသည် မြန်မာပြည်သူပြည်သားများ၏ ရဲစွမ်းသတ္တိနှင့် ကြံကြံခံနိုင်မှုကို သော်လည်းကောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားများအပေါ် ဆိုးရွားပြင်းထန်သည့် ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ၊ ချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိရှိ၊ ကျယ်ကျယ် ပြန့်ပြန့် နှင့် စနစ်တကျ ကျူးလွန်နေမှုများကိုသော်လည်းကောင်း မှတ်တမ်း တင်ထားသည့် အစီရင်ခံစာပေါင်းများစွာအနက် ထင်ရှားသော စာတမ်းများအဖြစ် မှတ်တမ်းဝင်နေမည် ဖြစ်ပါသည်။ ပြိုလဲပျက်စီးနေပြီး နယ်မြေ၊ ငွေကြေးနှင့် တရားဝင်မှု ခေါင်းပါးလျက် ရှိနေပြီဖြစ်သော သေရေးရှင်ရေးနှင့် ရင်ဆိုင်နေရသည့် အကြမ်းဖက် စစ်အုပ်စု အနေဖြင့် “အရပ်သား ပြည်သူများအပေါ် ရက်စက်စွာ တိုက်ခိုက်မှုများ နှစ်ဆတိုး ဆောင်ရွက် နေကြောင်း” အထူးစုံစမ်းစစ်ဆေးရေးအရာရှိက ဖော်ပြခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ က လူ့အခွင့်အရေးကောင်စီ သို့ တင်ပြရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အခြေအနေ အထူးသဖြင့် ရိုဟင်ဂျာပြည်သူများ၏ အကျပ်အတည်းကိုလည်း အလေးပေးသည့် အကြောင်းအရာအဖြစ် ဖော်ပြခဲ့ပါသည်။ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ မစ္စတာ တွမ်အင်ဒရူးစ်၏ တင်ပြချက်တွင် ဖော်ပြထားသည့် အတင်းအဓမ္မစေခိုင်းမှု၊ အတင်းအဓမ္မ ရွှေ့ပြောင်းမှုနှင့် ရခိုင်ပြည်နယ်ရှိ ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှု အခြေအနေများသည် “၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် တို့၏ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ အကြမ်းဖက်မှုများ၏ ပဲ့တင်သံများ” ကို ပြန်လည်သယ်ဆောင်လာခဲ့သည်ဟု ဖော်ပြခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရခိုင်၊ ရိုဟင်ဂျာ နှင့် ရခိုင်ပြည်နယ်ရှိ အခြား လူနည်းစုများ အပါအဝင် မြန်မာနိုင်ငံရှိ လူနည်းစုများအပေါ် အလွန်ဆိုးရွားသော ရက်စက် ကြမ်းကြုတ်မှုများကို ဘယ်သောအခါမှ ထပ်မံမဖြစ်ပွားစေရေး အပြည့်အ၀ ဦးတည် ဆောင်ရွက်လျက်ရှိပါသည်။ လူမျိုးအလိုက် အသိုက်အဝန်းများအကြား အကွဲအပြဲကို ဖြစ်စေမည့် ကြိုးပမ်းမှုမှန်သမျှ အဆုံးသတ်ရမည် ဖြစ်သည်။ ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်မှုနှင့် သည်းခံမှုတို့ကို တည်ဆောက်ရန် ကျွန်ုပ်တို့၏ ကြိုးပမ်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ က မြန်မာ့အရေးနှင့်ပတ်သတ်၍ အရေးယူဆောင်ရွက် နိုင်စေရန် နိုင်ငံတကာကို ပြတ်ပြတ်သားသား တောင်းဆိုခဲ့ရာတွင် ယခုကဲ့သို့သော အလှည့်အပြောင်း အခြေအနေတွင် “ယခုအကျပ်အတည်းအား မည်သည့် ပုံစံဖြင့် မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို ဖော်ဆောင်ရာတွင် ကြီးမားသည့် ခြားနား ချက်ကို ဖန်တီးနိုင်မည့် အခွင့်အလမ်းများ နိုင်ငံတကာ အစိုးရများတွင် ရှိနေကြောင်း” ဖော်ပြခဲ့သည်။ နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများသာ ရရှိမည်ဆိုပါက မြန်မာ ပြည်သူများအနေဖြင့် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့ဖြင့် ပြည့်စုံသော တိုင်းပြည် တခုကို အသစ်တဖန် ပြန်လည်ထူထောင်နိုင်မည်ဖြစ်သည်။
မြန်မာပြည်သူများ အကျိုးကိုရှေးရှုကာ ၎င်း၏ လုပ်ပိုင်ဆောင်ရွက်ခွင့်အတွင်း အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိသော လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ ကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Ministry Of Human Rights
National Unity Government