၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်
ဒီကနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူအဆင့်ဆင့်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူ့ကိုယ်စားလှယ်များ၊တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနဲ့ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အားလုံးသော ရဲဘော်ရဲဘက်များ ခင်ဗျာ။
ဒီနေ့ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း (၃၇) နှစ်မြောက် ဂုဏ်ပြုအခမ်းအနားကို တက်ရောက်ပြီး စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက်ရပြီး ဖိတ်ကြားသူများကိုလည်း ကျေးဇူးတင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ မြန်မာ့နိုင်ငံရေး သမိုင်းခရီးစဉ်မှာ မီးရှူးတန်ဆောင်လိုပဲ လင်းလက်တောက်ပနေတာ ၃၇ နှစ်တိတိ ပြည့်သွားပြီဖြစ်တဲ့အတွက် ပါတီဝင်တစ်ဦးဖြစ်သော ကျွန်တော့်အနေနဲ့လည်း အင်မတန်ဂုဏ်ယူမိပါတယ်။ ဒီနှစ် ၃၀ ကျော်ကာလအတွင်း ကျွန်တော်တို့ပါတီဟာ အဖိနှိပ်ခံပြည်သူလူထုရဲ့ အခိုင်မာဆုံးနိုင်ငံရေးအင်အားစုအဖြစ် ရပ်တည်ခဲ့ပြီး စစ်အာဏာရှင်စနစ်ရဲ့ အမှောင်ထုကြားကနေ ဒီမိုကရေစီအလင်းရောင်ကို သယ်ဆောင်ပေးနိုင်ခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလမှာ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ ရလဒ်အဖြစ် ဒီပါတီကြီး စတင်ပေါ်ပေါက်လာစဉ်ကတည်းက ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံမူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို ချမှတ်တဲ့အခါမှာ “ပြည်သူသာ အဓိက” ဆိုတဲ့ ခံယူချက်ကိုပဲ အခိုင်အမာ ချမှတ်ခဲ့ပါတယ်။ ကျွန်တော်တို့ပါတီရဲ့ နိုင်ငံရေးအတွေးအခေါ်က “လစ်ဘရယ်ဒီမိုကရေစီ” ကို လက်ခံထားပြီး၊ ရပ်တည်ချက်ကလည်း “လူထုဗဟိုပြု” တဲ့ စနစ်ကိုပဲ ဦးတည်ပါတယ်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ မဲဆန္ဒနယ် (၄၉၂) နေရာမှာ (၃၉၂) နေရာအထိ (၈၀%) ကျော်နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာ ကိုကြည့်ရင် အဲ့ဒီ့အချိန်၊ အဲ့ဒီ့ကာလ ပြည်သူတွေဟာ တစ်ပါတီအာဏာရှင်စနစ်ကို ဘယ်လောက်စိတ်ပျက်ငြီးငွေ့နေပြီဆိုတာကို ကောင်းစွာတွေ့နိုင်ပါတယ်။ ဒါပေမဲ့လည်း အဲဒီအချိန်က အုပ်ချုပ်သူ“နဝတ အစိုးရ”ဟာ ပြည်သူ့ဆန္ဒကိုငြင်းပယ်ပြီး အာဏာမလွှဲပေးခဲ့ပါဘူး။ အဲဒီကတည်းက ပါတီခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေဟာ ဖမ်းဆီးထောင်ချခံရတာတွေ၊ နေအိမ်အကျယ်ချုပ်တွေနဲ့ နှစ်ပေါင်းများစွာ ဖိနှိပ်မှုတွေအောက်မှာ ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီလိုခက်ခဲတဲ့ကာလမှာတောင် ကျွန်တော်တို့ ပါတီဟာ “အကြမ်းမဖက်တဲ့နည်းလမ်း”နဲ့ “တွေ့ဆုံဆွေးနွေးရေးမူဝါဒ”ကို ခိုင်ခိုင်မာမာ စွဲကိုင်ပြီး ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။
“၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ” မှာ ၄၅ နေရာအနက် ၄၃ နေရာ၊ “၂၀၁၅ အထွေထွေရွေးကောက်ပွဲ” မှာ ပြည်ထောင်စုလွှတ်တော်မှာ ၃၆၉ နေရာ၊
“၂၀၂၀ ရွေးကောက်ပွဲ” မှာဆိုရင် မဲဆန္ဒနယ် (၈၂.၄%) အထိ အနိုင်ရခဲ့တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ပြည်သူတွေရဲ့ရင်ထဲက ပါတီတစ်ခုဖြစ်နေတယ်ဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ ၂၀၁၅ ကနေ ၂၀၂၀ပြည်သူ့အစိုးရကာလအတွင်းမှာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ပါတီရဲ့မူဝါဒတွေဖြစ်တဲ့ “တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး” တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားအရေးကို နံပါတ်တစ် ဦးစားပေးအဖြစ် သတ်မှတ်ပြီး “ဖက်ဒရယ် ပြည်ထောင်စု” ဖြစ်ပေါ်ရေးအတွက်လည်း ဆောင်ရွက်ခဲ့ပါတယ်။ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” ထဲက စစ်တပ် ၂၅% ပါဝင်နေတာမျိုးလို ဒီမိုကရေစီမဆန်တဲ့ အချက်တွေကို ပြင်ဆင်ဖို့ကိုလည်းမဆုတ်မနစ်ကြိုးပမ်းခဲ့ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ပါတီရဲ့ ဒီမိုကရေစီအရေး၊ နိုင်ငံရေး ကြိုးပမ်းချက်တွေ
လည်းဖြစ်ပါတယ်။
ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက “၂၀၂၀အထွေထွေ ရွေးကောက်ပွဲရလဒ်ကို မတရားစွပ်စွဲပြီး အာဏာလုယူခဲ့တဲ့အတွက် ပြည်သူ့ဆန္ဒဟာတစ်ဖန် ပျောက်ကွယ်ခဲ့ရပြန်ပါတယ်။ ဒီလို အာဏာလုယူခဲ့တာကြောင့် ကျွန်တော်တို့ နိုင်ငံဟာအခုဆိုရင် “ဖက်ဒရယ်ဒီမိုကရေစီနဲ့ ဖက်ဆစ်အာဏာရှင်စနစ်” ကြားက သမိုင်းဝင် အဆုံးအဖြတ်တိုက်ပွဲကြီးကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတွေကို နွှဲခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဒီတိုက်ပွဲမှာလည်း ပါတီဝင်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ စွမ်းဆောင်ချက်တွေနဲ့အတူ အားပြင်းပြင်းနဲ့ ချီတက်နေကြဆဲ ဖြစ်ပါတယ်။ “ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့် အပါအဝင် ပါတီခေါင်းဆောင်တွေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်များစွာ” ဟာ မတရားဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံနေရပါတယ်။ ကျွန်တော်တို့ရဲ့ ထောင်နဲ့ချီတဲ့ ပါတီဝင်တွေဟာလည်း ဖမ်းဆီး၊ထိန်းသိမ်းခံရပြီး တချို့ဆိုရင် ထိန်းသိမ်းခံရစဉ်အတွင်းမှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် ပါတီရုံးတွေ ချိတ်ပိတ်ခံရတာ၊ ပါတီဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရတာတွေဟာ စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုကို ကမ္ဘာသိ သက်သေခံနေပါတယ်။ ဒီလို ရဲရဲဝံ့ဝံ့ စွန့်လွှတ်အနစ်နာခံကြပြီး မဆုတ်မနစ် တော်လှန်ရေးခရီးကို ချီတက်နေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ရဲဘော်ရဲဘက်များအားလုံးကို ကျွန်တော့်အနေနဲ့ အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်သလို ပါတီဝင်အသီးသီးရဲ့ တော်လှန်ရေးကို ရှုထောင့် ပေါင်းစုံ၊နေရာပေါင်းစုံ၊ ဒေသပေါင်းစုံကနေအားကောင်းမောင်းသန် တိုက်ပွဲဝင်နေကြတာဟာ ဒီမိုကရေစီခရီးအတွက် အင်မတန် အားရကျေနပ်စရာကောင်းသလို မှတ်ကျောက်တင်ရမှာလည်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့ ဒီကနေ့ အခမ်းအနားမှာ အလေးအနက် တိုက်တွန်းချင်တာကတော့၊ အခုလို နိုင်ငံရေး အဆုံးအဖြတ် တိုက်ပွဲကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ခိုင်မာတဲ့ “လစ်ဘရယ်ဒီမိုကရေစီ ရပ်တည်ချက်”၊ “တိုင်းရင်းသား တန်းတူရေးမူဝါဒ” နဲ့ “ဦးဆောင်မှုအခန်းကဏ္ဍ” တို့ဟာ အထူးအရေးကြီးပါတယ်။ တော်လှန်ရေးရဲ့ ရှေ့ခရီးတစ်လျှောက်လုံးမှာလည်း တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းနေတဲ့ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လွတ်လပ်ရေးနဲ့ ညီညွတ်ရေးတို့ ပြည့်စုံတဲ့ “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်” ကို ထူထောင်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများ အားလုံးနဲ့အတူ လက်တွဲပြီး၊အမြင်မတူတာတွေရှိခဲ့ရင်လည်း တူအောင် ညှိနှိုင်းကြလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ စဉ်ဆက်မပြတ် ဆက်လက် ပါဝင်သွားကြဖို့ လေးနက်စွာ တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။
နိဂုံးချုပ်အနေနဲ့ လူထုခေါင်းဆောင်၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ပါစေကြောင်း ဒီနေ့အခမ်းအနားကနေ ဆုတောင်းမေတ္တာပို့သလိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၃၇ နှစ်မြောက် ပါတီတည်ထောင်ခြင်း အထိမ်းအမှတ်နေ့ကစလို့ နောင်လာမယ့် နှစ်ပေါင်းများစွာတိုင်အောင် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ကျောက်သား ကျောက်စိုင်တွေလို ခိုင်မာတည်ကြည်စွာနဲ့ ပြည်သူ့ဆန္ဒကိုဖော်ဆောင်နိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါတယ်။