၂၀၂၄ ခုနစ်၊ စက်တင်ဘာလ (၃) ရက်
အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁၀) ရက်နေ့တွင် စစ်မှုမထမ်းမနေရဥပဒေကို အတင်းအကြပ် အသက်သွင်းပြီး အသက်(၁၈) နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ်များကို လူသားဒိုင်းအဖြစ် အဓမ္မစေခိုင်းရန်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၆ ရက်နေ့ တွင် “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့” အမည်ဖြင့် လက်အောက်ခံ အကြမ်းဖက် အဖွဲ့အစည်းတခုကို ထပ်မံဖွဲ့စည်းကာ အသက် (၃၅) နှစ်မှ အသက် (၆၅) နှစ်အတွင်းရှိ သက်ကြီးပိုင်းပြည်သူလူထုကို အတင်းအဓမ္မ တိုက်ပွဲဝင်ခိုင်းရန် ပြင်ဆင်ကြိုးပမ်းလာသည် ကိုတွေ့ရသည်။
ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများအားလုံး၏ ညီညွတ်မှုအင်အားကြောင့် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး အဘက်ဘက်တွင် ရှုံးနိမ့်မှုများကြုံတွေ့နေရသည့် အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ သက်ဆိုးရှည်ရေးတခုတည်းအတွက် တိုင်းပြည်နှင့် ပြည်သူလူထုတရပ်လုံးကို ဓားစာခံများသဖွယ်၊ လူသားဒိုင်းများသဖွယ် အသုံးချနိုင်ရန် ရူးရူးမိုက်မိုက်ကြိုးပမ်းလာခြင်းပင်ဖြစ်သည်။
စစ်အာဏာရှင်စနစ်ဘေးဆိုးသည် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး တဦးတယောက်ချင်းစီတိုင်းအပေါ် ကျရောက်လာပြီဖြစ်သလို မည်သူမျှ မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်တော့သည်မှာ ပိုမိုထင်ရှားလာပြီဖြစ်သည်။ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး၏ အင်အားကို အထင်သေးလျှော့တွက်သော အကြမ်းဖက် စစ်အုပ်စုအား “မိမိတို့ပြည်သူလူထုတရပ်လုံးသည် စစ်အာဏာရှင်ပြုသမျှ ခေါင်းငုံ့ခံမည့် သူများမဟုတ်” ဆိုသည်ကို အခိုင်အမာပြသ၍ နည်းလမ်းပေါင်းစုံဖြင့် ပြတ်ပြတ်သားသား ခုခံတော်လှန် ဆန့်ကျင်ကြရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ကမ္ဘာအရပ်ရပ်က နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစား နေကြရသော နာကျင်ခံစားရမှုများအားလုံး၏ အရင်းအမြစ်သည် စစ်အာဏာရှင်များနှင့် ၎င်းတို့၏ မတရား သောအမိန့်များကို လိုက်ပါဆောင်ရွက်နေသော တပ်ရင်း၊ တပ်ဖွဲ့၊ တပ်သားများ ဖြစ်ကြောင်းကို သိရှိ နားလည်စေချင်ပါသည်။ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအားလုံးကို လူသားဒိုင်းအဖြစ် အသုံးချလာသောလုပ်ရပ်များ ရပ်တန့်စေရေး ထိရောက်သော လုပ်ဆောင်မှုများကို ဆောင်ရွက်ကြရန်နှင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေး ကြိုးပမ်းနေသည့် ပြည်သူ့နွေဦးတော်လှန်ရေးကို အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းနှိူးဆော် အပ်ပါသည်။
National Unity Government