(၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်
ယနေ့ကျရောက်သည့် (၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခါသမယတွင် ကရင်နီ တိုင်းရင်းသားလူမျိုးများအားလုံး စစ်ဘေး၊ စစ်ဒဏ်များမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ကြပြီး စည်ပင်သာယာဝပြောသည့် ကရင်နီပြည်ကို စုစည်းညီညွတ်စွာဖြင့် အမြန်ဆုံး ထူထောင်နိုင်ကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဗမာဘုရင်ကိုယ်စား ကင်းဝန်မင်းကြီးဦးကောင်းနှင့် အင်္ဂလိပ်ဘုရင်ခံချုပ်ကိုယ်စား ဆာဒေါ့က လပ်ဖောဆစ်(သ်)တို့မှ ၁၈၇၅ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့တွင် ကရင်နီပြည်ကို သီးခြားလွတ်လပ်သည့် ပြည်အဖြစ် အသိအမှတ်ပြုပြီး မည်သည့်နည်းနှင့်မျှ အုပ်ချုပ်စိုးမိုးခြင်း ပြုမည်မဟုတ်ကြောင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည့်နေ့ကို အစွဲပြုပြီး ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပခဲ့သည်မှာ (၁၄၉)နှစ်သို့ တိုင်ခဲ့ပြီဖြစ်ပါသည်။
ယနေ့အချိန်တွင် ပြည်သူ့ဘဏ္ဍာဖြင့် နှစ်ပေါင်းများစွာ တည်ဆောက်ထားသော အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်ညှင်းပန်းသတ်ဖြတ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှု များကို အစွမ်းကုန် ကျူးလွန်လျက်ရှိပြီး ပြည်သူတစ်ရပ်လုံးကလည်း နိုင်ငံအနှံ့အပြားတွင် တော်လှန် တိုက်ခိုက်လျက်ရှိပါသည်။ ထိုကဲ့သို့သော အကြမ်းဖက်စစ်အုပ်စုကို တစ်နိုင်ငံလုံးရှိ ပြည်သူများက လက်နက်ကိုင် ခုခံတော်လှန်ရေးနည်းလမ်းဖြင့် လည်းကောင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေး နည်းလမ်းများဖြင့်လည်းကောင်း အသီးသီးဆောင်ရွက်လျက်ရှိရာ အဆိုပါလှုပ်ရှားမှုများအတွင်း ကရင်နီအမျိုးသားများလည်းအသက်၊သွေး၊ချွေးစတေးပေးဆပ်ကာ တက်ကြွစွာ ပါဝင်လျက်ရှိသည့် အတွက် များစွာလေးစားဂုဏ်ယူအပ်ပါသည်။
လွတ်လပ်ပြီးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသည့်ပြည်နယ်အဖြစ်ရပ်တည်နိုင်ရန်ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ရင်း အသက်ဆုံးရှုံးသွားခဲ့ကြသော ကရင်နီအမျိုးသားခေါင်းဆောင်ကြီးများ၊ ရဲဘော်များနှင့်ပြည်သူများအားလုံးကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အာဇာနည်သူရဲကောင်းများအဖြစ် ဦးညွတ်အလေးအမြတ်ပြုအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ပြည်သူ့နွေဦးတော်လှန်ရေး၏ဘုံရည်မှန်းချက်(၂)ရပ်ဖြစ်သည့်စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်းလာရေးအတွက် ကရင်နီအမျိုးသားများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားလူမျိုးများအားလုံးနှင့်လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မကြာမီ အနာဂတ်ကာလများတွင် ကရင်နီအမျိုးသားများ လိုလားတောင့်တလျက်ရှိသည့်လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝအာမခံချက်ရှိပြီးစည်ပင်သာယာဝပြောသည့်ကရင်နီပြည်ကိုအမြန်ဆုံးထူထောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
National Unity Government
Scroll to Top