အမျိုးသားညီညွတ်ရေးအစိုးရက ဒေဝါလီ (ဒီပါဝလီ) နေ့အခမ်းအနားများသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့သည် ဟိန္ဒူဘာသာဝင်များအတွက် ထူးမြတ်သော ဒေဝါလီ (ဒီပါဝလီ) နေ့ရက် ဖြစ်သည်။ ထို့အတူ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မတူကွဲပြားသည့် ကိုးကွယ်ယုံကြည်ရာ ဘာသာတရားများ အတူတကွယှဥ်တွဲတည်ရှိ ရှင်သန်နေခြင်းကို ထင်ရှားပြသ နေသည့် အမှတ်လက္ခဏာတစ်ရပ်လည်း ဖြစ်ပေသည်။
သက္ကတဘာသာစကားတွင် ဒီပဆိုသည်မှာ ဆီမီး (ဝါ) အလင်းရောင် (ဝါ) ကြည်လင်တောက် ပခြင်း၊ ဝလီ ဆိုသည်မှာ စီရီချထားခြင်း (ဝါ) စီတန်းနေခြင်းဟူသော အဓိပ္ပာယ်ရှိရာ ဒီပါဝလီ ဆိုသည်မှာ ဆီမီးများ စီရီထွန်းညှိပူဇော်ခြင်းဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် ဒီပါဝလီ နေ့တွင် ဆီမီးများ ထွန်းညှိပူဇော်ခြင်းသည် အလင်းရောင်ရရှိပြီး အမှောင်ကို ခွင်းနိုင်သကဲ့သို့ အဆိုးအညံ့ ဖုံးလွှမ်းရာမှ အကောင်းအမြတ်ရောက်ရှိလာခြင်း၊ လက်လွတ်ဆုံးရှုံးစိတ်ပျက်ရသည့် အခြေအနေ ထဲမှ မျှော်လင့် ဝမ်းသာရာ ရရှိမှုထဲသို့ ရောက်ရှိလာခြင်း အစရှိသည့် ထူးမြတ်သော အနက်အဓိပ္ပာယ် များဖြင့် ဆီမီးထွန်းညှိပူဇော်ကြခြင်း ဖြစ်ကြောင်းသိရှိရသည်။ ထို့အပြင် ဒေပါဝလီနေ့သည် နေရာဌာန တကွဲတပြားဖြစ်နေသော မိသားစုများပြန်လည်ဆုံဆည်းကြသည့် ပျော်ရွှင်ဖွယ် နေ့ထူး နေ့မြတ်လည်း ဖြစ်ပါသည်။
ယခုအချိန်ကာလသည် အကြမ်းဖက်စစ်အုပ်စုက တနိုင်ငံလုံး နေရာအနှံအပြား အရပ်သား ပြည်သူလူထုအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများအား ကျူးလွန်နေသည့်အပြင် စာသင် ကျောင်း၊ ဆေးရုံ၊ လူနေအိမ်များနှင့် သာသနိက အဆောက်အအုံများကိုပါ မကျန် ဗုံးကြဲ တိုက်ခိုက် လျက်ရှိသည့်အတွက် ပြည်သူများ၏ အသက်၊ အိုးအိမ်များ ထိခိုက်ပျက်စီးနေရပါသည်။ ထို့အပြင် တကွဲတပြားဖြစ်နေသော အဝေးရောက် မိသားစုများ ပေါင်းဆုံနိုင်ရန်အတွက် အကြမ်းဖက် စစ်အုပ်စု၏ အကြမ်းဖက်ကန့်သတ်မှုများကြောင့် ပြည်သူလူထု၌ အခက်အခဲများစွာ ကြုံတွေ့ နေရပါသည်။ စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးခြင်း၊ သွားလာမှုကန့်သတ်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်းများ ရှိနေသည့်အတွက် ပြည်သူလူထု၌ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများလည်း ကြုံတွေ့နေရသည်ကို လည်း သိသာထင်ရှားစွာ တွေ့မြင်ရပါသည်။
အကြမ်းဖက်စစ်အုပ်စုကြောင့် မြန်မာနိုင်ငံသူ/နိုင်ငံသား အပေါင်း လုံခြုံငြိမ်းချမ်းမှုတို့ ပျောက်ဆုံး ကင်းမဲ့ခဲ့ရကာ မျိုးစုံသော အဆိုးအညံ့များဖြင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ညှိုးငယ်စွာ နေထိုင်နေကြရသည့် အချိန်ကာလ ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို အဓမ္မ လုယူသိမ်းပိုက်ချိန်မှ အစပြု၍ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ အပါအဝင် မြန်မာနိုင်ငံသူ/နိုင်ငံသားများ၏ အနာဂတ် မျှော်လင့်ချက် အိပ်မက်များစွာသည်လည်း မှေးမှိန်ပျောက်ပျက်သွားခဲ့ရပါသည်။
ဤဒေဝါလီ (ဒီပါဝလီ) နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံသူ/နိုင်ငံသားများအားလုံး လက် လွတ်ပျောက်ဆုံးခဲ့ရသော လုံခြုံငြိမ်းချမ်းမှုများနှင့် အနာဂတ်အတွက် ကောင်းမြတ်သည့် မျှော်လင့်ချက်များ ပြန်လည်ရှင်သန် နိုးထနိုင်ပါစေကြောင်း၊ နေရာဌာနကွဲပြားနေသည့် အဝေးရောက်မိသားစုများ ပြန်လည်တွေ့ဆုံ နိုင်ကြပါစေကြောင်းနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး အတွက် တော်လှန်စစ် ဆင်နွှဲနေကြသည့် တိုင်းရင်းသား ပြည်သူတရပ်လုံး အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ပြည်ထောင်စုဖွား ဟိန္ဒူဘာသာဝင်များအားလုံးလည်း စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာ ခြင်းများ ရရှိလျက် ဘေးကင်းရန်ကွာ လုံခြုံသာယာပြီး အဆိုးအညံ့များပျောက်၍ အကောင်းအမြတ် များ ရရှိခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
National Unity Government
Scroll to Top