အမျိုးသားညီညွတ်ရေးအစိုးရက (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Date : 13 February 2025
ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်၊ ခရစ်နှစ် (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလ(၁၃) ရက်တွင် ကျရောက်သည့် မွန်အမျိုးသားနေ့ သမယတွင် ပြည်တွင်း၊ ပြည်ပတွင် ရှိသော မွန်လူမျိုးများ၊ မွန်အနွယ်ဝင်လူမျိုးစုများ၊ မွန်ပြည်သူလူထုနှင့် မဟာမိတ် မွန်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များအားလုံး မင်္ဂလာတရားနှင့်ပြည့်စုံပြီး ကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်း သာခြင်း ရှိကြပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဦးစွာနှုတ်ခွန်းဆက်၍ ဆုမွန်တောင်း မေတ္တာ ပို့သလိုက်ပါ သည်။
သာသနာသက္ကရာဇ် (၁၁၁၆) ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်၊ တနင်္လာနေ့တွင် သမလ ကုမ္မာနဲ့ ဝိမလကုမ္မာ မွန်မင်းသားညီနောင်နှစ်ပါးတို့က ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည် ထောင်ခဲ့ကြပါသည်။ (၁၉၄၆) ခုနှစ်၊ ဒီဇင်ဘာ (၂) ရက်၊ မြန်မာသက္ကရာဇ် (၁၃၀၈) ခုနှစ်၊ နတ်တော် လဆန်း (၉) ရက်နေ့တွင် မွန်မျိုးချစ်ခေါင်းဆောင်များ၊ ရဟန်းသံဃာတော်များနဲ့ မွန်ပညာရှင်များ စုပေါင်းပြီး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ပငကျေးရွာ၌ ညီလာခံကျင်းပပြုလုပ်ကာ မွန်မင်းသား ညီနောင်နှစ်ပါးက ဟံသာဝတီမွန်နေပြည်တော်ကို စတင်တည်ထောင်သည့်နေ့ဖြစ်သော တပို့တွဲ လပြည့်ကျော် (၁) ရက်နေ့ကို “မွန်အမျိုးသားနေ့” အဖြစ် တညီတညွတ်တည်း သတ်မှတ်ခဲ့ကြကာ နှစ်စဉ် ပြည်တွင်း၊ ပြည်ပရှိ မွန်တိုင်းရင်းသားများသည် ဒေသအလိုက် မွန်အမျိုးသားနေ့ကို ကျင်းပလာရာ (၇၈) ကြိမ်မြောက်ထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။
ယဉ်ကျေးမှုအစဉ်အလာ ကြီးမားခဲ့ပြီး ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းနဲ့ ဝင့်ထည်စွာ နေလာခဲ့သည့် မွန်လူမျိုးများသည် သမိုင်းကြောင်းအရ အခြားတိုင်းရင်းသားများနည်းတူ ကိုလိုနီနယ်ချဲ့များ လက်အောက်သို့ ကျရောက်ခဲ့ပြီး လွတ်လပ်ရေးရရှိသည်အထိ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြပါသည်။ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင် မွန်ပြည်နယ်သတ်မှတ်ပေးရန် ဖဆပလ ခေါင်းဆောင်များထံသို့ အရေးဆိုခဲ့ကြသော်လည်း ငြင်းပယ်ခြင်းခံရသည့်အတွက် မွန်အမျိုးသားလွတ်မြောက်ရေး ဦးတည်ချက်ဖြင့် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြ ပါသည်။ ယခုပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသား တန်းတူရေးတို့အတွက် မွန်တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များသည် အခြားတိုင်းရင်းသား တော်လှန်ရေး မဟာမိတ်များဖြင့် ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို ခုခံတွန်းလှန် ခဲ့သည်ကိုလည်း တွေ့ရပါသည်။
ယနေ့ကျရောက်သော မွန်အမျိုးသားနေ့မှ စတင်ပြီး မွန်အမျိုးသားခေါင်းဆောင်ကြီးများ၊ မွန် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၊ မွန်ပြည်သူလူထုနှင့် မွန်ပြည်အတွင်းရှိ မွန်အနွယ်ဝင်လူမျိုးစု များအားလုံး မျှော်ရည်သော အမျိုးသားတန်တူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အခြားမဟာ မိတ်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ထူထောင်နိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးက အထူးအလေးအမြတ်ပြု ဖိတ်ခေါ်အပ်ပါသည်။ခေတ်အဆက်ဆက် စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေးမှသည် ယခုနွေဦးတော်လှန်ရေးတိုက်ပွဲကာလအထိ ပြည်သူလူထုဖက်တွင် ရပ်တည်တိုက်ပွဲဝင်ခဲ့ကြပြီး အသက်၊သွေး၊ချွေး စတေးပေးဆပ်ခဲ့ကြသည့် မွန်အမျိုးသားခေါင်း ဆောင်များ၊ မွန်သူရဲကောင်းများနှင့် မွန်ရဟန်း၊ရှင်၊လူ၊ကျောင်းသား၊ပြည်သူများအား အမျိုးသား ညီညွတ်ရေးအစိုးရက ဂုဏ်ပြုဦးညွတ်ရင်း (၇၈)နှစ်ပြည့်မွန်အမျိုးသားနေ့ သဝဏ်လွှာကို ပေးပို့ အပ်ပါသည်။
National Unity Government
Scroll to Top