၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်
ယနေ့ကျရောက်သည့် တအာင်းတိုင်းရင်းသားတို့၏ (၂၇၁၆) နှစ်မြောက် နှစ်သစ်ကူးအခါသမ ယတွင် မြန်မာပြည်ဖွား တအာင်းတိုင်းရင်းသားများအားလုံး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် ပြည့်စုံနိုင်ကြပြီး ဒီမိုကရေစီအနှစ်သာရများဖြင့် ပြည့်စုံကြွယ်ဝသည့် တအာင်းပြည်သစ်ကို အတူတကွ ထူထောင်နိုင်ကြပါစေကြောင်း အလေးအနက်ဖော်ပြအပ်ပါသည်။
နှစ်ပေါင်းများစွာ တိုင်းရင်းသားလူမျိုးအသီးသီးအပေါ်တွင် အနိုင်ကျင့်၊ဗိုလ်ကျစိုးမိုးလာ ခဲ့သည့် အကြမ်းဖက်စစ်အုပ်စုသည် ယခုအခါတွင် အဘက်ဘက်မှ ယိုယွင်းပျက်စီးလာလျက်ရှိပြီး ၎င်းတို့အနေဖြင့် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် တရားမဝင် ရွေးကောက်ပွဲနည်းလမ်း ဖြင့် အသက်ဆက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တိုင်းရင်းသား အားလုံး လိုလားတောင့်တလျက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် မည်သည့် အာမခံချက်မှ မပေးနိုင်သည်ကို အမျိုးသားညီညွတ်ရေးအစိုးရနှင့်တကွ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ အားလုံးက ခြွင်းချက်မရှိ လက်ခံထားပြီးဖြစ်ပါသည်။
(၁၀၂၇)စစ်ဆင်ရေးမှ အစပြု၍ တအာင်းတိုင်းရင်းသား တော်လှန်ရေးအင်အားစုများ ပါဝင် သော ညီနောင်မဟာမိတ်တိုင်းရင်းသား (၃) ဖွဲ့၏ ရဲစွမ်းသတ္တိ ပြည့်ဝပြီး ထူးချွန်ပြောင်မြောက်မှု တို့ကြောင့် ရှမ်းပြည်နယ်မှ မြို့နယ်များအပြင် အကြမ်းဖက်စစ်အုပ်စု၏ တပ်ရင်း၊တပ်မ၊ ဌာနချုပ် များ အပါအဝင် တိုင်းစစ်ဌာနချုပ်ကိုပါ သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ကြီးကြီးမားမား ရရှိခဲ့ပါသည်။
မကြာမီကာလတွင် တအာင်းတိုင်းရင်းသားတို့ လိုလားတောင့်တလျက်ရှိသည့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးတို့အတွက် ထိုက်တန်သည့် အောင်ပွဲကို နိုင်ငံတစ်ဝှမ်းမှ တိုင်းရင်းသားပြည်သူများနှင့်အတူ ရရှိခံစားပိုင်ဆိုင်နိုင်ကြပါစေကြောင်း၊ နောင်လာမည့် နှစ်သစ် ကူးအချိန် အခါသမယကို တိုင်းပြည်အတွင်း မိသားစုစုံညီစွာဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ကြ ပါစေကြောင်း ဆန္ဒပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
National Unity Government