ထုတ်ပြန်ကြေညာချက်အမှတ် (၄ /၂၀၂၅)
(၂၀၂၅ ခုနှစ်၊ မေ လ ၁၃ ရက်)
၁။ အကြမ်းဖက်စစ်အုပ်စုသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ကို ၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့ မနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးနှင့် စေတနာ့ဝန်ထမ်း ဆရာမ (၂) ဦး သေဆုံးခဲ့ပြီး၊ ပြည်သူ (၁၀၂) ဦး ကျော် ထိခိုက်ဒဏ်ရာရမှုဖြစ်စေခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အိမ်ခြေ (၃၀၀) ခန့်ရှိသော အိုးတိန်တွင်း ကျေးရွာမှာ ပြည်သူ (၅၀၀) ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
၂။အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတဝန်း ယာယီအပစ်အခတ် ရပ်စဲရေးကို ၂၀၂၅ ခုနှစ်၊ မေလ (၃၁) ရက်နေ့အထိ သက်တမ်းတိုးထားကြောင်း ကြေညာခဲ့သော်လည်း အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမိုတိုးမြင့်လာခဲ့သည်။ ထိုတိုက်ခိုက်မှုများတွင် ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့ အထိ လေကြောင်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်ပေါင်း (၂၆၇၉) ကြိမ် ရှိရာတွင် ကျောင်းပေါင်း (၂၄၀) ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
၃။လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုမြောက်သော ကျူးလွန်မှုဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ယခု ကဲ့သို့ လူမဆန်သည့် ကျူးလွန်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်နေခြင်း ဖြစ်သည်။ ထိုကျူးလွန်မှုများအတွက် အကြမ်းဖက်စစ်အုပ်စုကို ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ရန်အတွက် နိုင်ငံတကာ တရားရုံးများတွင်သာမက နိုင်ငံအလိုက် တရားရုံးများတွင်ပါ တရားမျှတမှု ဖော်ဆောင်နိုင်ရေး လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။
၄။ဤလူမဆန်သော တိုက်ခိုက်မှုအပေါ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ပြင်းထန်စွာရှုတ်ချသည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ဤကဲ့သို့ အရပ်သား၊ ပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စုက ဆက်လက် တိုက်ခိုက်နေမှုများကို ရပ်တန့်စေရေး ဖိအားပေးဆောင်ရွက်ရန် တိုက်တွန်းသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ