၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်
မျှော်မှန်းချက် (Vision)
ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် စုံလင်ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာ (Identity) များကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအပြည့်အဝရှိသော ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်
ဦးတည်ချက် (Objectives)
- စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်
- လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်
- သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်
- ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်
- ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်
ရပ်တည်ချက် (Position)
- မြန်မာစစ်တပ်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှုသည် တရားမ၀င်ကြောင်း ကြေညာပြီး အာဏာသိမ်းမှုကို အကြွင်းမဲ့ ဆန့်ကျင်ရှုတ်ချသည်။
- အာဏာသိမ်းမှုသည် မြန်မာစစ်တပ်ကိုယ်တိုင် တဖက်သတ် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမဝင်တော့ပါ။
- ၂၀၂၀ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန်မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှု အတွက် အသုံးချရန် ဖြစ်သည်။
- စစ်တပ်သည် အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် မရှိစေရ။
- စစ်တပ်သည် အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် မရှိစေရ။
- ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ဖော်ဆောင်ရန် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်နှင့်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ် လိုအပ်သည်။
- နိုင်ငံရေးအခွင့်ထူးခံများအချင်းချင်းအကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်ခံမည် မဟုတ်ပါ။
- အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့၏ မြန်မာနိုင်ငံဆိုင်ရာ အဖြေရှာမှု လုပ်ငန်းစဉ်များတွင် ညှိနှိုင်း ပူးပေါင်းပါဝင်သွားမည်။
- ဒေသအတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ဦးတည်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သွားမည်။
လုပ်ငန်းစဉ် အဆင့်ဆင့်
- စစ်ကောင်စီ/မြန်မာစစ်တပ် အား စစ်ရေး၊ နိုင်ငံရေး (ပြည်တွင်း/ပြည်ပ) ဖိအားပေးခြင်း။
- မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း။
- စစ်အာဏာသိမ်းမှု အဆုံးသတ်၍ စစ်ကောင်စီ (သို့) မြန်မာစစ်တပ်ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့အား အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများဖွဲ့စည်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြန်လည်တည်ဆောက်ခြင်း။
- အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ ပါဝင်၍ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း။
- တော်လှန်ရေးအလွန်တွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍ စုပေါင်း ခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကိုဖွဲ့စည်းခြင်း။
- ဖက်ဒရယ်ယူနစ်အစိုးရများကို သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်အလိုက်လွတ်လပ်စွာ ဖွဲ့စည်းခြင်း။
- သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖေါ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးချမှတ်ခြင်း။
- ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးကိစ္စကို အသွင်ကူးပြောင်းရေးကာလ ရောက်ရှိသည့်အခါ အဓိက သက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာညှိနှိုင်း ဆောင်ရွက်ခြင်း။
- ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းခြင်း။
- ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက် အကောင်အထည်ဖေါ်ခြင်း။
ကျွန်ုပ်တို့သည် ဤ နိုင်ငံရေးမျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် မဟာဗျူဟာအရအရေးကြီးသည့် ကဏ္ဍစုံတွင် ပူးပေါင်းညှိနှိုင်းရေး ယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်သည့် တော်လှန်ရေးမဟာမိတ် အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်းညှိနှိုင်း၍ အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်သည်။
ဆက်သွယ်ရန်-
၁။ ဆလိုင်းထက်နီ (CNF) (+91 69097 51721)
၂။ အောင်ဆန်းမြင့် (KNPP) (+66 307 49087)
၃။ ပဒိုစောတာဒိုမူး (KNU) (+66 646459113)
၄။ ဦးတင်ထွန်းနိုင် (NUG) (+1 9383007007)