ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ
၆၀ ကြိမ်မြောက်အစည်းအဝေး
မြန်မာနိုင်ငံ
၉၊ စက်တင်ဘာလ၊ ၂၀၂၅ ခုနှစ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရသည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mr. Volker Türk နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား ၏ အကြီးကဲဖြစ်သူ Mr.Nicholas Koumjian တို့၏ ဆွေးနွေးချက်များ နှင့် တုံ့ပြန်ဆွေးနွေးမှုများအပြင် မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများ နှင့် ပတ်သက်၍ အစီရင်ခံစာများ တင်သွင်းခဲ့မှုကို ကြိုဆိုပါသည်။
အဆိုပါ ဆွေးနွေးမှုများတွင် လူ့အခွင့်အရေးမဟာမင်းကြီး နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအကြီးအကဲ တို့သည် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ နှင့် ပတ်သက်၍ တူညီသော အချက်များကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။ လူ့အခွင့်အရေး မဟာမင်းကြီး အနေနှင့် “လူ့အခွင့်အရေးချိုးဖောက်မှုသည် နောက်ထပ် ဆိုးရွားပြင်းထန်တဲ့ အဆင့်ကို ရောက်ရှိနေပြီး၊ တနိုင်ငံလုံးရှိ ပြည်သူအများစုဟာ အလွန်အမင်း ဒုက္ခရောက်မှုကို ကြုံတွေ့ခံစားနေရသည်” ဟု ပြောကြားခဲ့ပြီး IIMM အကြီးအကဲ ကလည်း “မြန်မာနိုင်ငံ အတွင်း ပြင်းထန်သော နိုင်ငံတကာ ရာဇဝတ်မှုများ အဆက်မပြတ် ဖြစ်ပေါ်နေပြီး၊ မြန်မာ ပြည်သူများ၏ နာကျင်ဆင်းရဲမှုသည်လည်း ပိုမို များပြားလာပါတယ်” ဟု သတိပေး ပြောကြားခဲ့သည်။
မဟာမင်းကြီးနှင့် IIMM အကြီးအကဲတို့ တိုက်ရိုက်တင်ပြခဲ့သည့် အချက်များတွင် အကြမ်းဖက် စစ်အုပ်စု၏ အကြမ်းဖက်မှုများတွင် “ကျေးရွာများအား မီးလောင်တိုက်သွင်းခြင်း၊ ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်မှုထမ်းစေခိုင်းခြင်း၊ ဖမ်းဆီးထားသည့် အကျဉ်းသားများအား စနစ်တကျ နှိပ်စက်မှုများပြုလုပ်ခြင်း နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများပြုလုပ်ခြင်း၊ လူသားချင်းဆိုင်ရာ အကူညီများကို တားဆီးပိတ်ပင်ခြင်းတို့အပြင် အရပ်သားနေအိမ်များ၊ ဆေးရုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စစ်ဘေးရှောင်စခန်းများ နှင့် ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း” တို့ပါဝင်ကြောင်းကို ဖော်ပြခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး မဟာမင်းကြီးနှင့် IIMM အကြီးအကဲ တို့ နှစ်ဦးလုံးသည် လူနည်းစုတိုင်းရင်းသားများ အပါအဝင် ရိုဟင်ဂျာပြည်သူလူထု၏ စိုးရိမ်ဖွယ် လူ့အခွင့်အရေး အခြေအနေကိုလည်း ဖော်ပြဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုတွင် မဟာမင်းကြီးက “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူနည်းစုသည် အကြမ်းဖက်စစ်အုပ်စု၏ နှိပ်စက်ညှင်းပန်းမှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီး လက်ရှိတွင်လည်း နည်းပေါင်းစုံ ညှင်းပန်းမှုများကို ပိုမိုဆိုးရွားစွာ ခံစားနေရပါတယ်” ဟု အထူး ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး (OHCHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) တို့ထုတ်ပြန်သည့် နိုင်ငံတကာသို့ တောင်းဆိုသည့် အောက်ဖော်ပြပါ အချက်များကို ကြိုဆိုပြီး ထောက်ခံအားပေးပါကြောင်း ကတိပြုပါသည်
• မြန်မာနိုင်ငံ၏ အခြေအနေတခုလုံးကို နိုင်ငံတကာရာဇဝတ်မှုအမှုရုံး (ICC) သို့ လွှဲပြောင်းရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် အရေးယူဆောင်ရွက်မှုများ ယခုထက်ပိုမို အားကောင်းရန်
• လူနည်းစုအင်အားစုများ အပါအဝင် ရိုဟင်ဂျာပြည်သူများကို ကာကွယ်ရန် နိုင်ငံတကာ တရားရုံး (ICJ) မှ ချမှတ်ထားသည့် ကြားဖြတ် စီမံဆောင်ရွက်ချက်များကို အပြည့်အဝ လေးစားလိုက်နာစေရန်
• အကြမ်းဖက်စစ်အုပ်စုအား လက်နက်များ၊ လေယာဉ်လောင်စာများနှင့် စစ်ဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို ပေးပို့နေသည့် နိုင်ငံအသီးသီးကို ဖိအားပေး၍ ပံ့ပိုးမှုများကို အမြန်ဆုံး ရပ်တန့်စေရန်
• ကမ္ဘာ့နိုင်ငံများ အနေဖြင့် ဒုက္ခသည်အဖြစ် ခိုလှုံလာသည့် မြန်မာပြည်သူများအား (non-refoulement) နေရပ်ပြန်မပို့ခြင်း နိုင်ငံတကာသဘောတူညီမှုကို လေးစားလိုက်နာ၍ ဒုက္ခသည်များအတွက် လုံခြုံသေချာသော ဂုဏ်သိက္ခာရှိသည့် အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေးမူဝါဒများအား ပိုမိုကျင့်သုံးနိုင်ရေးလှုံ့ဆော်ရန်
• လုံခြုံရေးကောင်စီက ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်၊ ထိုချမှတ်မှုတွင် အကျုံးဝင်သည့် အကြမ်းဖက်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရန်၊ မတရားသဖြင့် အကျဉ်းချခံထားရသည့် အကျဉ်းသားများကို လွှတ်ပေးရန်၊ ညှိနှိုင်း ဆောင်ရွက်ချက်များအား လူ့အခွင့်အရေးအား လေးစားလိုက်နာ၍ ဆောင်ရွက်ရန်၊
• လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေသည့် ပြည်သူလူထုအပေါ် ကူညီ ကယ်ဆယ်မှု အားလုံးကို တားဆီးပိတ်ပင်ထားမှုများအား ဖယ်ရှားပေးရန်
• အကြမ်းဖက်စစ်အုပ်စုက ကြိုတင်ပြင်ဆင်နေသည့် တရားဝင်မှု မရှိသည့် အတုအယောင် ရွေးကောက်ပွဲ (sham elections) ကို တားဆီးပယ်ဖျက်ရန်
ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်မှကင်းလွတ်မှု မရှိစေဘဲ ၎င်းတို့၏ ပြစ်မှုများ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရမည်ဆိုသည့် IIMM ၏ ကြိုးပမ်းအားထုတ်ပေးမှုကို ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အပြည့်အဝ ထောက်ခံပါသည်။ အထူးသဖြင့် “အကြမ်းဖက်စစ်အုပ်စု လေတပ်၏ အမိန့်ကွပ်ကဲမှု အဆင့်ဆင့် အထောက်အထား အချက်အလက်များကို စုဆောင်းနေသည်” ဟု IIMM က အတည်ပြု ပေးထားသည်ကို အထူး ကျေးဇူးတင်ရှိပါသည်။ ထို့အပြင် IIMM အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုစနစ် (UJ) အရ အကြမ်းဖက်စစ်အုပ်စုအား တရားစွဲ အရေးယူနိုင်ရေး ပြင်ဆင်နေသည့် အင်္ဂလန်နိုင်ငံ အပါအဝင် တခြားသော တရားရေးဆိုင်ရာ အရေးယူနိုင်မည့် ယန္တရားများဖြစ်သည့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ နိုင်ငံတကာတရားရုံး (ICJ) နှင့် အာဂျင်တီးနားနိုင်ငံတို့မှ သီးခြားလိုအပ်သည့် သက်သေအထောက်အထားများ တောင်းဆိုချက်များကိုလည်း မျှဝေလျက် ရှိကြောင်း အတည်ပြုခဲ့သည်။
နိဂုံးချုပ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသည် လူ့အခွင့်အရေးမဟာမင်းကြီးရုံးနှင့် မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား တို့၏ လက်တွေ့အကျိုးရှိသည့် ကြိုးပမ်း ဆောင်ရွက်မှုများ နှင့် အကြမ်းဖက်စစ်အုပ်စု ၏ အကြမ်းဖက်မှုများကို ထုတ်ဖော်ရန်၊ အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်နေမှုများကို တားဆီးရန်၊ နိုင်ငံတကာ အသိုက်အဝန်းအား မြန်မာ ပြည်သူလူထု ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမှ လွတ်မြောက်ရေး ကူညီဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်မှုများ အတွက် ထပ်လောင်း ကျေးဇူးတင်ရှိပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန