၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်
အီဒွလ်ဖိသ်ရ်နေ့ဆိုသည်မှာ ဥပုသ်စောင့်ထိန်းခြင်း၊ မြင့်မြတ်သောသီလနှင့် တရားဘာဝနာ အားထုတ်ခြင်း၊ ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊ နွမ်းပါးသူများအားလှူဒါန်းခြင်း အစရှိသည့် ကောင်းမှုကုသိုလ် အပေါင်းကို ပြုလုပ်ပြီးသကာလ တစ်လတာ ကျင့်ကြံခဲ့သည့် ရာမဒန်လမြတ် ကုန်ဆုံးခြင်း၏ အမှတ်သင်္ကေတအဖြစ် မင်္ဂလာအပေါင်း ခညောင်းစေပြီး မိသားစုဝင်များ၊ မိတ်ဆွေ သင်္ဂဟများ၊ အိမ်နီးနားချင်းများ အတူစည်းလုံးစွာ ကျင်းပကြသည့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ကာ အစ္စလာမ်ဘာသာဝင်တို့၏ ပျော်ရွှင်ဖွယ်ရာ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည့်နေ့ ဖြစ်သည်။
သို့သော်လည်း မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် အစ္စလာမ်ဘာသာဝင်များသည် အကြမ်းဖက်စစ်ကောင်စီ၏ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးခြင်းနှင့် အရွယ် ရောက်ပြီးသူများကို စစ်မှုမထမ်းမနေရသတ်မှတ်ပြီး လိုက်လံဖမ်းဆီးခြင်းစသည့် လူမဆန်သော အကြမ်းဖက် လုပ်ရပ်များကြောင့် အစ္စလာမ်ဘာသာဝင် အပေါင်းတို့သည် ရမဒန်ဥပုသ်လအား စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်ခြင်း မရှိခဲ့ပေ။
ထို့အပြင် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂:၅၀ နာရီအချိန်တွင် စစ်ကိုင်းမြို့၏အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာ၌ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ရစ်ချ်တာ စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်နှင့် ၁၂ မိနစ်အကြာတွင် စစ်ကိုင်းမြို့တောင်ဘက် ၁၈ ကီလိုမီတာအကွာတွင် ဗဟိုပြုလှုပ်ခတ်သော ရစ်ရှ်တာစကေး ၆.၄ ရှိ အင်အားအသင့်အတင့် ငလျင်တို့ကြောင့် မြန်မာနိုင်ငံအတွင်း ထိခိုက်ပျက်စီးမှု ကြီးမားခဲ့ပြီး၊ ဘုရားကျောင်းကန် စေတီပုထိုး များ၊ သာသနိကအဆောက်အအုံများ၊ ဗလီဝတ်ကျောင်းတော်များ ပြိုကျပျက်စီးခဲ့ရပြီး၊ အသက် သေဆုံးမှုနှင့် ဒဏ်ရာရမှုများလည်း စိုးရိမ်စရာအခြေအနေအထိ ဖြစ်ပေါ်နေပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငလျင်ဘေးကြောင့် ထိခိုက်ဒဏ်ရာ ရသူများအား အသက်ဘေးမှ လွတ်မြောက်စေရေးအတွက် အစွမ်းကုန်ကူညီကြရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ် သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရက်သတ္တပတ် နှစ်ပတ်ကြာ ရပ်ဆိုင်းထားရန်နှင့် လိုအပ်သည့်အကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုများပေးရန် ညွှန်ကြားထား ပါသည်။
ငလျင်လှုပ်ချိန်သည် သောကြာနေ့ ဝတ်ပြုချိန် (ဂျွမ္မာဆွလာသ်) နှင့် တိုက်ဆိုင်နေခဲ့ပြီး အစ္စလာမ်ဘာသာဝင် အများအပြား ငလျင်ဘေးကြောင့် သေဆုံးခဲ့ရခြင်းအပေါ် မိမိတို့ အမျိုးသား ညီညွတ်ရေးအစိုးရက ယူကြုံးမရဖြစ်ကာ ကာယကံရှင်မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းပူဆွေးရပါကြောင်း ပြောကြားလိုပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယနေ့ကျရောက်သော အီဒွလ်ဖိသ်ရ် ဝါကျွတ် အီးဒ်နေ့ ထူးနေ့မြတ် အချိန်အခါသမယတွင် အဖက်ဖက်ကချိနဲ့ကာ ဝမ်းနည်းပူဆွေးနေရသည့် မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်များအားလုံး ဘေးအပေါင်းမှကင်းဝေးကြစေရန် ညှိုးငယ်သော စိတ်ဖြင့် ဆုတောင်းမေတ္တာ ပို့သရင်း ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ