မြန်မာ့အရေးကို စုပေါင်းဆွေးနွေးထောက်ခံသည့် ဆန္ဒပြပွဲတစ်ခုတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်သည့် ၃ ပွင့်ဆိုင် ကိုယ်စားလှယ်များ အမှာစကားပြောကြားခဲ့

ဇွန် ၄၊ ၂၀၂၅
113th ILC ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့မှ တက်ရောက်ခဲ့သည်။ 113th ILC ကို သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ရသည့် ရည်ရွယ်ချက်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တင်သွင်းထား သည့် ၃ ပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံရန်နှင့် စကစ စစ်အုပ်စုကို စီးပွားရေးအရ အရေးယူနိုင်ရေး အတွက် ဖြစ်သည်။ ယခုညီလာခံတွင် မြန်မာပြည်အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် မြန်မာပြည်တွင် စစ်အုပ်စုမှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှု စသည့် အကြမ်းဖက်ကျူးလွန်နေမှုများကို ရပ်တန့်ရန်အတွက် 113th ILC မှ ထိရောက်သည့် နည်းလမ်းများဖြင့် ပိတ်ဆို့အရေးယူရမည့် ကိစ္စရပ်များကို ၃ ပွင့်ဆိုင် ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြ ခဲ့သည်။ ယခုကဲ့သို့ ၃ ပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့မှ ဆောင်ရွက်မှုများကြောင့် 113th ILC ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များမှ စကစအနေဖြင့် ဝင်ငွေဆက်လက် ရရှိနေမည်ဆိုပါက ပြည်သူများအပေါ်တွင် သတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နေမည်ဖြစ်ပြီး၊ စကစမှ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအတွက် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တွေ့ရှိချက်ကို လိုက်နာမှု ပျက်ကွက်ခဲ့သည့် အတွက်ကြောင့် စကစအပေါ်တွင် ထိရောက်သည့် အရေးယူမှုမျိုး အရေးယူပေးရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ယနေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ၏ ပြင်ပတွင် ရှိသည့် Broken Chair အောက်တွင် မြန်မာ့အရေးကို စုပေါင်းဆွေးနွေးထောက်ခံသည့် ဆန္ဒပြပွဲတစ်ခုကို ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ နိုင်ငံအသီးသီးမှ ညီလာခံတက်ရောက်လာကြသည့် ညီလာခံ ကိုယ်စားလှယ်များမှ ပူးပေါင်းပါဝင်ခဲ့သည်။ ယခုဆန္ဒပြပွဲမှတဆင့် စကစအပေါ်တွင် ထိရောက်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်ရန်၊ Article 33 အရ စကစအပေါ် အရေးယူနိုင်ရေးကိစ္စကို ညီလာခံ တက်ရောက်လာသူများမှ လိုအပ်သည့် မဲခွဲဆုံးဖြတ်သည့် နေ့ကိုရောက်လျှင် မြန်မာပြည်သူနှင့်အတူတူ ရပ်တည်ရေး ကိစ္စရပ်များကို တောင်းဆို ဆန္ဒပြခဲ့ကြသည်။ နိုင်ငံအသီးသီးမှ ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်ခဲ့ ကြသည့် နိုင်ငံတကာအလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များ၊ ညီလာခံတက်ရောက်လာသည့် ကိုယ်စားလှယ် အသီးသီးမှ ဆန္ဒပြပွဲတွင် ပါဝင်လာခဲ့ကြသူ များသည် မြန်မာပြည်သူများနှင့် အတူတူ ရပ်တည်ကြောင်း၊ မြန်မာပြည်သူများအတွက် စကစမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ပြီး Article 33 အရ အရေးယူရေးကိစ္စရပ်များကို တောင်းဆိုဆန္ဒပြခဲ့ ကြသည်။ ယခုဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ ပွင့်ဆိုင် ကိုယ်စားလှယ်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့်အတူ မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်ကိုယ်စားလှယ်များ အသီးသီးမှ အမှာစကား ပြောကြားခဲ့ကြပြီး မိမိတို့ မြန်မာပြည်တွင် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေ အရပ်ရပ်ကို မီးမောင်းထိုးပြနိုင်ခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန
National Unity Government
Scroll to Top